(င)- ကျိုင်းတုံမြို့နယ်၊ မိုင်းငွန်းကျေးရွာအုပ်စုတွင် အရှည်(၇၇x ၁၂ x ၁၀ ပေ)ရှိ နမ်ငွန်းနွဲ့ချောင်းကူး တံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကျိုင်းတုံမြို့၊ မိုင်းငွန်းရွာအနီး တစ်မိုင်ခန့်တွင် စီးဆင်းလျက်ရှိသော နမ်ငွန်းနွဲ့ချောင်းသည် မိုးတွင်းကာလတွင် တောင်ကျရေများစီးဆင်းခြင်းကြောင့် ချောင်းရေကြီးကာ သွားလာရန်ခက်ခဲသည့်ချောင်းဖြစ်ပြီးချောင်းတစ်ဖက်ရှိကျေးရွာများတွင်နေထိုင်သည့်ရွာသူရွာသားများအနေဖြင့်အဘက်ဘက်တွင်ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲနိမ့်ကျလျက်ရှိပါကြောင်း၊ ၎င်းချောင်းကို အရှည်(၇၇ x ၁၂ x ၁၀ ပေ)ရှိ သည့်တံတားတစ်စင်း တည်ဆောက်ပေးမည်ဆိုပါက ချောင်းတစ်ဖက်ရှိ ကာလန်းရွာ၊ နောင်ကျန့်ရွာ၊ ပါယာရွာများတွင် နေထိုင်သည့်ရွာသူရွာသား၊ ပြည်သူ ၅၀၀ ဦးခန့်နှင့် အိမ်ခြေ ၁၅၀ ခန့်တို့၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူမည်ဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီမရွေး သွားလာနိုင်သည့်အတွက် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးအဘက်ဘက်တွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ဆေးရုံနှင့်ဆရာဝန်မရှိသည့်အတွက် အရေးပေါ်လူနာ၊ အရေးကြီးမွေးလူနာများရှိပြီး မိုးရွာရေကြီးသည့်အချိန်တွင် ဖြတ်ကူးမရသောကြောင့် ကံဆိုးခဲ့ရသည့်လူနာလည်းများစွာရှိခဲ့ဖူးသည့်အတွက် ထိုသို့သောဒုက္ခဆင်းရဲကို ကျော်လွန် နိုင်ရန် တံတားတစ်စင်းတည်ဆောက်ပေးရန် အမှန်တကယ်လိုအပ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အမှန်တကယ်လိုအပ်လျက်ရှိသော ကျိုင်းတုံမြို့နယ်၊ မိုင်းငွန်း ကျေးရွာအုပ်စု၊ နမ်ငွန်းနွဲ့ချောင်းကူး တံတားအရှည် (၇၇ x ၁၂ x ၁၀ ပေ) ရှိသည့် တံတားတစ်စင်း တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။