(ည)-ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့ မြန်မာ့စီးပွားရေးဘဏ်၊ ရိခေါဒါရ်ဘဏ် ငွေတိုက်ခွဲတွင် အော်တိုတယ်လီ ဖုန်းလိုင်း တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယနယ်စပ် မြို့ဖြစ်ပြီး နယ်စပ် ကုန်သွယ်ရေးစခန်း တည်ရှိရာ မြို့ဖြစ်သည့်အတွက် ငွေကြေးလည်ပတ်စီးဆင်းမှု များပြားသည့် မြို့ဖြစ်ပါကြောင်း၊ ငွေကြေးဝန်ဆောင်မှုအတွက် ဘဏ်အချင်းချင်း ငွေလွှဲခြင်း၊ ငွေပို့ ငွေထုတ် ပေးခြင်းများကို အချိန်တိုအတွင်း ဆောင်ရွက်လိုပါက Fax ငွေလွှဲစနစ်ကို အသုံးပြုမည် ဖြစ်ပါကြောင်း၊ ငွေကြေးဆိုင်ရာ ဆောင်ရွက်မှု လုပ်ငန်းများကို Fax စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် အဓိက လိုအပ်ချက်သည် အော်တိုတယ်လီဖုန်းလိုင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် အော်တို တယ်လီဖုန်းလိုင်း မရှိသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ရိခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယနယ်စပ် မြို့ဖြစ်ပြီး ဌာနဆိုင်ရာ ၁၈ ခု ရှိသည့်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းရှိသည့် မြို့ ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာရုံးများ၏ သာမာန် အသုံးစရိတ်၊ ငွေလုံးငွေရင်း အသုံးစရိတ်အပြင် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်ရေး ပမာဏသည် တစ်နေ့တစ်ခြား တိုးတက်များပြားလျက် ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ ဘဏ်ငွေတိုက်ခွဲ တည်ဆောက်ရန် ခွင့်ပြုခဲ့ပြီး အဆိုပါ ဘဏ်ငွေတိုက်ခွဲကို မကြာမီ ဖွင့်လှစ်တော့မည်ဖြစ်ရာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ လျင်မြန် ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် အော်တိုတယ်လီဖုန်းလိုင်း တပ်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။