(ဇ)-ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများ၌ ၂၀၁၉ ခုနှစ် မိုးစပါးစိုက်ခင်းများတွင် ဖြုတ်ပိုး ကျရောက်ခဲ့ပါသဖြင့် နိုင်ငံတော်အစိုးရမှ တောင်သူလယ်သမားများ၏ ၂၀၁၉ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေများကို ဆိုင်းငံ့ပေးရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

 ဒီပဲယင်းမြို့နယ်ရှိ လူဦးရေ ၆၅ ရာခိုင်နှုန်းကျော်သည် စပါးစိုက်ပျိုးခြင်းဖြင့် အသက်မွေးရသည် ဖြစ်ပါကြောင်း၊ မိုးရေကိုသဖန်းဆိပ်၊ ကာဘိုးဆည်မှတစ်ဆင့် ဆည်ရေသောက် ဧရိယာ ၉၇,၈၀၀ခန့် လျာထားစိုက်ပျိုးပြီး မိုးရေသောက်ဧရိယာဧက ၂၇,၀၀၀ကျော်နှင့် နွေစပါးတွင် ဧက ၂၀,၀၀၀ ကျော် စိုက်ပျိုးကြပါကြောင်း၊ နှစ်စဉ်တောင်သူ လယ်သမားများကမိုးစပါး၊နွေစပါးကိုမရပ်မနားစိုက်ပျိုးထုတ်လုပ်ရန်ကြိုးစားကြပါကြောင်း၊သို့သော် နှစ်စဉ် ပိုးကျသည့် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်နေရတတ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်နွေရာသီတွင်ဖြုတ်ပိုးကျသည့်အတွက် ကျေးရွာအုပ်စု ၄၀ ခန့် ရှိသည့် စိုက်ဧက ၅,၅၀၀ ကျော်ခန့် ထိခိုက်ပျက်စီးခဲ့ကြရပါကြောင်း၊ ၇၂၅ ဧကကျော်သည် လုံးဝပျက်စီးသွားပါကြောင်း၊ တချို့ခရိုင်အတွင်းရှိသည့် အခြားမြို့နယ်များတွင် ဖြုတ်ပိုးကျသည်၊ စပါးအထွက်လျော့သည်ဟု သိရပါကြောင်း၊

၂၀၁၉ ခုနှစ် မိုးစပါးကို ရိတ်သိမ်းဆဲကာလတွင် တောင်သူလယ်သမားများမှ ဖြုတ်ပိုးကျသည့်အတွက် စပါးအထွက်လျော့နည်းနိုင်ကြောင်းသက်ဆိုင်ရာမြို့နယ်မှ တာဝန်ရှိသူများ အားလုံးကို အသိပေးခဲ့ပါကြောင်း၊ ၎င်းအပြင် ဒီပဲယင်းမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် တည်တော၊ သရက်ကန်၊ ဖုတ္တတော ကျေးရွာကြီးများသည် လူထုတွေ့ဆုံပွဲများဖြင့် ဖိတ်ကြားပြီး‌ ၁၈-၁-၂၀၂၀ ရက်နေ့တွင် တစ်ကြိမ်နှင့် ၁၉-၁-၂၀၂၀ရက်နေ့တွင် အင်ပင်ယဒင်နှင့်ကိုင်းကန်ကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ မြို့နယ်မှ တာဝန်ရှိ သူများအားလုံး တက်ရောက်ခဲ့ကြပါကြောင်း၊ တောင်သူလယ်သမားများက မိုးခေါင်ပြီးဖြုတ်ပိုးကျသည့်အတွက် ၎င်းတို့ကျေးရွာရှိ စိုက်ဧက အများစုသည် တစ်ဧကကို စပါးတင်း ၃၀၊ ၄၀ ခန့်သာ ထွက်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ ကျပ်တည်းမည်ဖြစ်သည့်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေများကို အတိုးနှုန်းသာဆပ်ပြီးချေးငွေအရင်းကို တစ်နှစ်တာမျှဆိုင်းငံ့ပေးစေလိုကြောင်း တင်ပြကြခြင်းဖြစ်ပါကြောင်း၊ တာဝန်ရှိသည့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာမှ ဒီပဲယင်းမြို့နယ်ရှိ တောင်သူလယ်သမားများသည် ပေးဆပ်ရန် ကျန်ရှိသည့် ချေးငွေများ များပြားနေကြောင်းနှင့် ချေးငွေကိုတာဝန်သိစွာ ပေးဆပ်ရန်ကို ရှင်းလင်းပြခဲ့ပါကြောင်း၊

၂၀၂၀မိုးစပါးစိုက်ပျိုးရာသီဖြစ်သည့်အတွက်တောင်သူများ စိုက်ပျိုးရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရမှ ပုံမှန်စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၁၅၀,၀၀၀ ထုတ်ချေးနေပြီဖြစ်ပါကြောင်း၊ COVID-19 ကပ်ရောဂါကာလကို ရင်ဆိုင်ဖြတ်သန်းနိုင်ရန် တစ်ဧက ၅၀,၀၀၀ ကျပ်ကို ၁၀ ဧကအထိ ဖြည့်စွက်ချေးငွေအဖြစ် ထုတ်ချေး သည် ကိုတွေ့ရပါကြောင်း၊စိုက်ပျိုးရေးစရိတ်ချေးငွေကိုဆိုင်းငံ့ပေးရန်ဒီပဲယင်းမြို့နယ်တောင်သူလယ်သမားများမှတောင်းဆိုသည့်ကိစ္စသည်အချိန်ကာလအားဖြင့် တောင်သူများအနေ ဖြင့် အတိုးရှာပြီး ဘဏ်ချေးငွေကိုဆပ်သည့် အချိန်ဖြစ်ပါကြောင်း၊ ပြီးမှပြန်ထုတ်ယူရသည့် အချိန်ကာလဖြစ်ပါကြောင်း၊ ထို့ကြောင့်အတိုးနှုန်းကိုသာ ပြန်ဆပ်ပြီးချေးငွေကို ဆိုင်းငံ့ပေးရန် အစီအစဉ် ရှိမည်လားဟု မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ အကယ်၍ ချေးငွေကို ဆိုင်းငံ့ရန် မပြုလုပ်ခဲ့ပါက COVID-19 ကာလကူညီ ထောက်ပံ့ခြင်း၊ ချေးငွေဖြည့်စွက်ထုတ်ပေးခြင်းနှင့် ပုံမှန်ချေးငွေများကိုအခက်အခဲမရှိ ဆောင်ရွက်ပေးနေခြင်းကြောင့် ပြဿနာတစ်စုံတစ်ရာမရှိပါကြောင်း၊ သို့သော် တချို့ကျေးရွာများတွင် တောင်သူလယ်သမားများ ကိုယ်တိုင်တာဝန်ရှိ ဝန်ထမ်းများနှင့်အပြိုင်စာရင်းပြုစုထားသည့် အမှန်တကယ် လုံးဝပျက်စီးသွားသည့် တံစဉ်လွတ်သွားသည့် လယ်ဧက ၇၀၀ ကျော်အတွက် တောင်သူလယ်သမားအခွင့်အရေး၊ ကာကွယ်ရေးနှင့်အကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ နိုင်ငံတော်အစိုးရကကူညီထောက်ပံ့ရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။