(ခ)-လိင်အကြမ်းဖက်ကျူးလွန်ခံရသော အမျိုးသမီးငယ်များ တစ်ပြေးညီ ပညာဆက်လက် သင်ကြားခွင့် ရရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနချင်း ချိတ်ဆက်ညှိနှိုင်း၍ တိကျသောမူဝါဒများ ချမှတ်ပြီး ညွှန်ကြားချက်များထုတ်ပြန်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် အမျိုးသမီးများ လိင်အကြမ်းဖက်ခံရမှုများမှာ ပျမ်းမျှတစ်နှစ်လျှင် အမှုပေါင်း ၁,၀၀၀ ကျော်ခန့်ရှိကြောင်း သိရှိရပါကြောင်း၊ လေ့လာဆန်းစစ်ချက်များအရ သက်ငယ်မုဒိမ်းမှုမှာ သက်ကြီးမုဒိမ်းမှုများထက်ပိုမိုများပြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ကျူးလွန်ခံရသူများ၏ အသက် အပိုင်းအခြားကို လေ့လာကြည့်ပါက အသက် ၂ နှစ်မှ ၅ နှစ်၊ အသက် ၁၆ နှစ် စသည်ဖြင့် ကျောင်းနေအရွယ် အမျိုးသမီးငယ်လေးများ အများစုဖြစ်နေသည်ကို တွေ့ကြရမည် ဖြစ်ပါကြောင်း၊
မုဒိမ်းမှုတစ်ခုဖြစ်ပြီဆိုပါက ရပ်ထဲရွာထဲတွင် ဖြေရှင်းနည်းနှစ်မျိုးနှင့် ဖြေရှင်းလေ့ရှိကြသည်ကိုကြားသိဖူးကြမည်ဖြစ်ပါကြောင်း၊ ပထမနည်းမှာလျော်ကြေးဖြင့်ဖြစ်စေ၊ ကျူးလွန် သူနှင့် အိမ်ထောင်ချပေးခြင်းဖြင့်ဖြစ်စေ ညှိနှိုင်းကြေအေးခြင်းဖြစ်ပါကြောင်း၊ ထိုအခါတွင် ကျူးလွန်ခံရသည့် အမျိုးသမီးငယ်လေးများ၏ပညာရေးသည် ရပ်တန့်ပြီး ဆုံးသွား ရလေ့ရှိပါကြောင်း၊ လျော်ကြေးယူလိုက်ရသည့် အမျိုးသမီးငယ်လေးသည် ပညာဆက်လက်သင်ကြားလိုသည့်အချိန်တွင် ကျေအေးပြီးဖြစ်သည့်အတွက် ၎င်းကျူးလွန်ခံရ ကြောင်း သက်သေပြစရာမရှိတော့သဖြင့် အလိုတူအလိုပါဟုသတ်မှတ်ခံရပြီး ကျောင်းက လက်မခံတာမျိုးများရှိပါကြောင်း၊ ဥပဒေကိုသိရှိမှု အားနည်းခြင်း၏ဆိုးကျိုးကို အသက် ၁၄ နှစ်၊ ၁၅ နှစ်အရွယ် ကျူးလွန်ခံရသူ မိန်းကလေးအများစု တွေ့ကြုံခံစားကြရပါကြောင်း၊ ဒုတိယနည်းဖြစ်သည့်ရဲစခန်းမှာ အမှုဖွင့်ခြင်းမျိုးကို သက်ငယ်လွန်းသည့်ကလေးကို ကျူးလွန်ခြင်းမျိုးနှင့် အုတ်အော်သောင်းတင်း ဖြစ်ရပ်များတွင်တွေ့ရပါကြောင်း၊ ကျူးလွန်ခံရသည့် ကလေးငယ်များသည် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာရမှုများကြောင့် ဆေးကုသမှု ခံရခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုကို ပြင်းထန်စွာ ခံစားကြရပါကြောင်း၊
ထိုကလေးများကို နှစ်သိမ့်ဆွေးနွေးခြင်း (Counseling)ဆိုသည့်သင်္ချာလို စိတ်ဓာတ်ခွန်အားရစေဖို့ နည်းပေါင်းစုံနှင့် Psychological Symbol များပေးပြီး ကျောင်းပြန်တက်ရန်အချိန်ယူပြီး ခက်ခက်ခဲခဲတိုက်တွန်းရပါကြောင်း၊ ဤအဆင့်အောင်မြင်မှသာ ကလေးကိုကျောင်းပို့၍ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာသင်ကျောင်းများ က ကိုယ်ချင်းစာနာစိတ်နှင့် နွေးထွေးစွာကြိုဆိုရန်လိုအပ်ပါကြောင်း၊ ထိုသို့မဟုတ်ဘဲ ကျောင်းပြန်အပ်ရဖို့ ခက်ခဲနေမည်ဆိုပါက ကျူးလွန်ခံရသည့်ကလေးကို ထပ်မံစိတ် ဒဏ်ရာရအောင်လုပ်မိသလိုဖြစ်သည်မို့ Victim Blame လုပ်ရာရောက်ပါကြောင်း၊ မိမိသိရှိခဲ့သည့်ဖြစ်စဉ်တစ်ခုကို တင်ပြလိုသည်မှာ မုဒိမ်းမှုကျူးလွန်ခံရသည့် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသူတစ်ဦးကို အားပေးနှစ်သိမ့်ပြီး ကျောင်းကိုပြန်ပို့သောအခါကျောင်းကလက်မခံသည့်အတွက် အဆင့်ဆင့်ခက်ခဲစွာကြိုးစားခဲ့ရပါကြောင်း၊ တိုင်းပညာရေးမှူး ကို ဆက်သွယ်ဆွေးနွေးသည့်အခါတွင် ထိုကဲ့သို့ Sex Experience ရှိပြီးသည့်ကျောင်းသူမျိုးကို ကျောင်းစည်းကမ်းအရလက်မခံကြောင်း၊ သူ့အတွေ့အကြုံကို တခြားကျောင်းသူ များကို ပြန်ပြောလျှင် တခြားကလေးမှာ ပျက်စီးသွားမည်ဆိုး၍ဖြစ်ကြောင်း ပြန်ပြီးဆွေးနွေးရန် အဆင်မပြေခဲ့ပါကြောင်း၊ နောက်ဆုံးတွင် အခြေခံပညာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယဝန်ကြီးတို့ကို ဆွေးနွေးတင်ပြမှသာ ထိုကလေးမလေး ကျောင်းပြန်နေရန်ကိစ္စ အဆင်ပြေသွားခဲ့ရပါကြောင်း၊
မိမိတို့၏အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏လေ့လာရေးခရီးစဉ်များတွင် အမျိုးသမီးကော်မတီ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၊ NGO၊ CSO များနှင့် တွေ့ဆုံဆွေးနွေးကြသည့်အခါ ၎င်းတို့အနေဖြင့် ဤ(Rape Case) မုဒိမ်းမှုများကို လိုက်ပါကူညီဆောင်ရွက်ရာတွင် ကျူးလွန်ခံရသည့်ကလေးများကို ကျောင်းပြန်အပ်ရာတွင် ကျောင်းက လက်မခံခြင်းများ တစ်ခါတစ်ရံကြုံတွေ့ရကြောင်း တင်ပြဆွေးနွေးခဲ့ကြပါကြောင်း၊ တချို့ Case များတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ NGO များ၊ CSO များက လိုက်ပါကူညီပေး၍ အဆင်ပြေသော်လည်း ထိုသို့ကူညီပေးနိုင်သူများ မသိလိုက်ဘဲ ပညာရေးအညွန့်ချိုးခံလိုက်ရသည့် အမျိုးသမီးငယ်လေးများ မည်မျှများရှိနေမည်နည်း၊ ပြစ်မှုကျုးလွန်၍ထောင်ကျနေသည့်သူများ လူငယ်သင်တန်းကျောင်းက ကလေးများတောင်မှ ပညာဆက်လက်သင်ကြားခွင့်ရပါကြောင်း၊ ထိုလိင်အကြမ်းဖက်ခံရသည့် အမျိုးသမီးငယ်လေးများကျမှ ပညာဆက်လက်သင်ရန် ခက်ခဲနေခြင်းမှာမဖြစ်သင့်ပါကြောင်း၊ ယခုကဲ့သို့ အောက်ခြေတွင် အခက်အခဲများ နှင့်ရင်ဆိုင်နေရခြင်းမှာ ထိုကိစ္စများကိုဖြေရှင်းရန် တိကျသည့် ညွှန်ကြားချက်များမရှိခြင်းကြောင့်ဟုသုံးသပ်မိပါကြောင်း၊ သို့ဖြစ်ပါ၍ လိင်အကြမ်းဖက်ခံရသော အမျိုးသမီးငယ် လေးများကို Double Punishment ပေးမိသကဲ့သို့ မဖြစ်စေရန်လည်းကောင်း၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်ခွဲခြားဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူ စာချုပ် CEDAW အရသော်လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၄၆ အရ ပညာရေးဆိုင်ရာအခွင့်အရေးများ ရရှိစေရန်လည်းကောင်း သက်ဆိုင်ရာဝန်ကြီးဌာနချင်း ချိတ်ဆက်ညှိနှိုင်း၍တိကျသောမူဝါဒများချမှတ်ပြီး ညွှန်ကြားချက်များထုတ်ပြန်ပေးရန်နှင့် ညွှန်ကြားထားပြီးဖြစ်ပါက တစ်နိုင်ငံလုံးလွှမ်းခြုံမှုရှိစေ ရန်အတွက် ဆောင်ရွက်ပေးရန် လိုအပ်နေပါသဖြင့် လိင်အကြမ်းဖက်ကျူးလွန်ခံရသော အမျိုးသမီးငယ်အရွယ်များ တစ်ပြေးညီ ပညာဆက်လက်သင်ကြားခွင့်ရရှိစေရန် သက်ဆိုင်ရာဝန်ကြီးဌာနချင်း ချိတ်ဆက်ညှိနှိုင်း၍ တိကျသောမူဝါဒများ ချမှတ်ပြီးညွှန်ကြားချက်များထုတ်ပြန်ထားခြင်းရှိ/မရှိနှင့် အကယ်၍မရှိပါကတစ်နိုင်ငံလုံး လွှမ်းခြုံနိုင်သော ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ပေးရန်အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။