(ဂ)-ချီဖွေမြို့ မြို့ပေါ်ရပ်ကွက်လေးခုနှင့် မြို့အနီးရှိရွာများတွင်နေထိုင်သော ပြည်သူများအတွက် ကျန်းမာရေး နှင့်ညီညွတ်သော သောက်သုံးရေသန့် လုံလောက်စွာရရှိရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်သည် ကချင်အထူးဒေသ(၁)ကို ထာဝရငြိမ်းချမ်းရေးရယူထားသော တောင်ပေါ်နယ်စပ်မြို့နယ်တစ်မြို့ဖြစ်ပါကြောင်း၊ ချီဖွေမြို့တွင် မြို့ပေါ်ရပ်ကွက် (၄)ခုရှိပြီး အိမ်ခြေသည် ၄၀၀ ခန့်နှင့် ဌာနဆိုင်ရာများနေထိုင်ကြပြီး ချီဖွေမြို့၏ စည်ပင်သာယာအခွန်သည်လည်း ဆယ်ဂဏန်းခန့်သာ ကောက်ခံရရှိပါကြောင်း၊
ချီဖွေမြို့သည် တွင်းရေတူး၍မရသော တောင်ပေါ်မြို့ဖြစ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဖြန့်ဝေပေးသော မြို့ရေပေးရေးလုပ်ငန်းငယ်သည် မြို့ပေါ်အိမ်ခြေ ၆၀ ခန့်သာဖြန့်ဝေပေးနိုင်ပြီး မြို့ပေါ်ရပ်ကွက်အားလုံးကို ဖြန့်ဝေပေးနိုင်ခြင်းမရှိပါကြောင်း၊ ကျန်ရှိသည့်ပြည်သူများသည် မြို့တွင်း အနီးအနားရှိ စိမ့်စမ်းရေကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် သောက်သုံးရေများကို သွယ်ယူသုံးစွဲလျက်ရှိရာ ချီဖွေမြို့အတွင်း လူဦးရေတိုးပွားလာသည်နှင့်အမျှ သောက်သုံးရေသုံးစွဲမှုများပြားလာပါကြောင်း၊ အဆိုပါသောက်သုံးရေများသွယ်ယူသည့် စိမ့်စမ်းရေများသည် ခန်းခြောက်လာခြင်းနှင့် အန္တရာယ် ဖြစ်စေသည့် ထုံးဓာတ်များ များစွာပါဝင်နေပြီး ကျန်းမာရေးထိခိုက်စေမှုများ ကြုံတွေ့နေသည်ကို တွေ့ရှိရပါကြောင်း၊
ချီဖွေမြို့မှ (၈)မိုင်ကွာဝေးသည့် ဝမ်ထယ်ကျေးရွာအလွန်ရှိ ချီချန်းချောင်းသည် ထုံးဓာတ်ကင်းစင်ပြီး ချီဖွေမြို့ပေါ် ရပ်ကွက်လေးခုနှင့် ရေသွယ်လမ်းကြောင်း၏အနီးအနားရှိ ကျေးရွာများပါသုံးစွဲရန် လုံလောက်သည့် သောက်သုံးရေသန့်အဖြစ်အသုံးပြုနိုင်သည့် တောင်ကျချောင်းတစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါ ချီချန်ချောင်းမှ သောက်သုံးရေသန့်အား ချီဖွေမြို့သို့ သွယ်တန်းသုံးစွဲနိုင်ပါက ချီဖွေမြို့ပေါ် ရပ်ကွက် (၄)ခုနှင့်ရေလမ်းကြောင်းရှိကျေးရွာများနှင့် ပြည်သူများ အားလုံး နေထိုင်ကြသည့် ပြည်သူလူထုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ရာသီမရွေး လုံလောက်သော သောက်သုံး ရေသန့်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ချီဖွေမြို့ မြို့ပေါ်ရပ်ကွက်လေးခုနှင့် မြို့အနီးအနား ရွာများနှင့် မြို့ပေါ်ရှိပြည်သူလူထုများ၊ ဌာနဆိုင်ရာများ ကျန်းမာရေးနှင့်ညီညွတ်သည့် ထုံးဓာတ် မပါသော သောက်သုံးရေသန့်အား လုံလောက်စွာရရှိနိုင်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။