(ဃ)-ပွင့်ဖြူမြို့နယ်၊ မဲဇလီအုပ်စု၊ လယ်မကျေးရွာအနောက်ဘက် ကွင်းအမှတ်(၇၃၁)ရှိ ယာမြေများအား ရာသီမရွေး စိုက်ပျိုးရေရရှိရန်အတွက် မုန်းချောင်းမှ လျှပ်စစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မိမိတို့နိုင်ငံ၏အဓိကစီးပွားရေးသည် စိုက်ပျိုးရေးဖြစ်ပြီး ကျေးလက်နေပြည်သူအများစုသည် စိုက်ပျိုးရေးနှင့်အသက်မွေးကြရပါကြောင်း၊ ထို့အတူ ကျွဲခြံရွာနှင့် လယ်မရွာတွင်လည်း စိုက်ပျိုးရေးကိုအဓိကထား စီးပွားရှာအသက်မွေးရသောကျေးရွာများဖြစ်ပါကြောင်း၊ ယခုအခါ ရာသီဥတု ပြောင်းလဲလာပြီး မုတ်သုံဝင်ခြင်းနောက်ကျ၊ မုတ်သုံထွက်ခြင်းစောပြီး မိုးရွာသွန်းမှုသည် လျော့နည်းလာသည်ကို တွေ့ရပါကြောင်း၊ လက်ရှိမိုးဦးကာလတွင်ပင် ထိုဒေသရှိရွာများတွင် မိုးရေချိန် လက်မတစ်လက်မပြည့်အောင် ရွာသွန်းနိုင်သည့်နေ့မရှိသေးပါကြောင်း၊ မိုးအများဆုံးရွာသော ၁၀-၆-၂၀၂၀ ရက်နေ့တွင် မိုးရေချိန်လက်မ ၀.၆၂ လက်မသာ ရွာသွန်းထားသည်ကို တွေ့ရပါကြောင်း၊ ယခုလို မိုးရွာသွန်းမှုနည်းပါးပြီး စိုက်ပျိုးရေးသီးနှံများဖြစ်ထွန်းမှုမရှိသည့်အတွက် သီးနှံများပျက်စီးဆုံးရှုံးပြီး စီးပွားရေးအလုပ်အကိုင်အခွင့်အလမ်း အဆင်မပြေတော့ပါကြောင်း၊ စားဝတ်နေရေးခက်ခဲ၍ နေရပ်စွန့်ခွာပြီး ပြည်တွင်း၊ ပြည်ပများကိုသွားရောက်၍ ရရာအလုပ်ကိုလုပ်ကိုင်နေကြရသူများ ပိုမိုများပြား လာသည်ကို တွေ့ရပါကြောင်း၊ ကျွဲခြံနှင့် လယ်မရွာရှိ ကွင်းအမှတ်(၇၃၁)ကွင်းတွင် စိုက်ပျိုးမြေ ဧက ၁,၀၀၀ ခန့်ရှိပြီး မဲဇလီဆည်ရေသောက်စနစ်၏ အထက်ဘက်တွင်တည်ရှိနေသဖြင့် ဆည်ရေဖြင့် စိုက်ပျိုးရေမရရှိသော်လည်း (၇၃၁)ကွင်းဘေးတောင်ဘက်တွင် မုန်းချောင်းရေသည် ဆယ့်နှစ်ရာသီ စီးဆင်းလျက်ရှိသည့်အပြင် ကွင်း၏မြောက်ဘက်တွင်လည်း လျှပ်စစ်မီး 11 လိုင်းဖြတ်၍ သွယ်တန်းထားရှိပြီးဖြစ်ပါကြောင်း၊ လျှပ်စစ်မီးနှင့် ချောင်းရေအလွယ်ရှိနေသောကွင်းအား လျှပ်စစ်ရေတင်ဖြင့် စိုက်ပျိုးမည်ဆိုပါက ကောက်ပဲသီးနှံများဖြစ်ထွန်းပြီး စီးပွားရေးအကျိုးဖြစ်ထွန်းလာမည် ဖြစ်ပါကြောင်း၊ ယခုအခါ မြေသာရှိပြီး ရေမရှိသည့်အတွက် စိုက်ပျိုးရေးတွင် လုံးဝအဆင်မပြေကြပါကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁) ပုဒ်မ ၂၃ ပုဒ်မခွဲ(က)တွင် နိုင်ငံတော်သည် တောင်သူလယ်သမားများ၏ အခွင့်အရေးများကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့်ဥပဒေများပြဋ္ဌာန်း ဆောင်ရွက်ရမည်ဟု ပါရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ တောင်သူလယ်သမားများ အကျိုးစီးပွား ကာကွယ်မြှင့်တင်ရေးဥပဒေကိုလည်း ရေးဆွဲပြီးလည်းဖြစ်ပါကြောင်း၊ တောင်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော စိုက်ပျိုးရေ ရရှိရေးသည် နည်းလမ်းကောင်းများရှာဖွေပြီး သက်ဆိုင်ရာဝန်ကြီးဌာနမှ ကူညီပံ့ပိုးရန်လည်းလိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြင်ပထုတ်လုပ်သူများဖြစ်သော တောင်သူလယ်သမားများ၏ အခြေခံလိုအပ်ချက်များကို ဥပဒေနှင့်အညီဘက်စုံထောင့်စုံကူညီပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ အကယ်၍သာ မုန်းချောင်းမှလျှပ်စစ်ရေတင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်အောင်မြင်ပါက ဒေသခံပြည်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာပြီး အလုပ်အကိုင်အခွင့်အလမ်း ဝင်ငွေတိုးပွားလာမည်ဖြစ်ပါကြောင်း၊ ထို့အတူ တိုင်းပြည်ကုန်ထုတ်လုပ်မှုပိုမိုတိုးတက်လာပြီး တိုင်းပြည်ဘဏ္ဍာတစ်ဖက်တစ်လမ်းမှဖြည့်ဆည်းရာရောက်ပါသဖြင့် ပွင့်ဖြူမြို့နယ်၊ မဲဇလီအုပ်စု၊ လယ်မကျေးရွာအနောက်ဘက် ကွင်းအမှတ်(၇၃၁)ရှိ ယာမြေများအား ရာသီမရွေးစိုက်ပျိုးရေရရှိရန် အတွက် မုန်းချောင်းမှ လျှပ်စစ်ရေတင်စီမံကိန်း ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။