(င)-ဝက်လက်မြို့နယ်ရှိ ကျေးရွာခြောက်ရွာ၏ ရေသောက်ဧက ၅၀၀၀ အတွက် တပ်ရွာမြစ်ရေတင် စီမံကိန်းမှ ဝက်လက်မြို့နယ်သို့ ရေပေးဝေမည့်လက်တံ(၇) ရေပေးမြောင်းစနစ်အား ပြုပြင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အတွင်း တပ်ရွာမြစ်ရေတင်စီမံကိန်းကို ၁၉၉၅ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ပြီးစီးခဲ့ပါကြောင်း၊ ရေသောက် ဧရိယာ စုစုပေါင်းဧက ၂၀,၀၀၀ လျာထားခဲ့ပြီး ဝက်လက်မြို့နယ်အတွက် ဧက ၅,၀၀၀၊ စစ်ကိုင်း မြို့နယ်အတွက် ၁၅,၀၀၀ ဖြစ်ပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ရေစတင်ပေးဝေခဲ့ရာ စစ်ကိုင်းမြို့ဘက်သို့ သွားသည့် လက်တံမြောင်းသည် ရေစီးရေလာကောင်းမွန်ပြီး လယ်ဧကများစွာ စိုက်ပျိုးနိုင်ခဲ့သော်လည်း ဝက်လက်မြို့နယ်ဘက်သို့ပေးသည့် လက်တံမြောင်းသည် ရေစီးဆင်းမှုနည်းပြီး လယ်ဧက အနည်းငယ်ကိုသာ စိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ မြေပြင်အနေအထားအရ ဝက်လက်မြို့နယ်ဘက်မှ မြင့်မားပြီး စစ်ကိုင်းမြို့နယ်ဘက်သို့ တဖြည်းဖြည်းနိမ့်ဆင်းသွားပါကြောင်း၊ မြေအမျိုးအစားပေါ်တွင် လည်းမူတည်ပြီး ဝက်လက်မြို့နယ်ရှိသည့် ၎င်းဆည်ရေသောက်မြေသည် သဲနုန်းမြေစပ်များဖြစ်သည့် အတွက် မြောင်းပေါင်များ ပြိုဆင်းပြီး မြောင်းကောရခြင်းလည်း ဖြစ်နိုင်ပါကြောင်း၊
၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဒီဇယ်အင်ဂျင်စက်ကြီးများဖြင့် မြစ်ရေကိုမောင်းတင်ခဲ့ရာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းကို ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ယခင်ကထက် ယခုအခါရေများစွာကို လွှတ်ပေးနိုင်ပါသော်လည်း ရေပေးမြောင်းနှင့် လက်ခွဲမြောင်းများပျက်စီးယိုယွင်းနေပါသဖြင့် ရေသောက် ဧကအနည်းငယ်သာ ရေရရှိခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်များတွင် ၎င်းဧရိယာအတွင်း စနစ်ကျ လယ်ယာဧက ၂၀၀ ဖော်ဆောင်ပေးခဲ့သည့် အတွက်လည်း ကုန်ထုတ်လမ်းများ၊ ရေသွင်းမြောင်းများ၊ ရေထုတ်မြောင်းများ ကောင်းလာပြီး နွေ စပါး၊ မိုးစပါး နှစ်သီးစိုက်ပျိုးနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ကျန်ရှိသည့်လယ်ကွက်များကိုလည်း ဆက်လက်ပြီး ဆောင်ရွက်ပေးရန် အထူးလိုအပ်ပါကြောင်း၊ ယင်းစီမံကိန်းတွင် လက်တံ(၇) ရေပေးမြောင်းသည် ဝက်လက်မြို့နယ်အတွက် ရေပေးဝေသည့် အဓိကမြောင်းဖြစ်ပါကြောင်း၊ ကျေးရွာ (၆)ရွာတို့၏ ရေသောက်ဧက ၅,၀၀၀ အတွက် လျာထားဆောင်ရွက်ခဲ့သည့်မြောင်းလည်းဖြစ်ပါကြောင်း၊ လက်ရှိတွင် မြောင်းပုံစံမကျခြင်း၊ ချုံနွယ်ပိတ်ပေါင်းများရှိနေခြင်း၊ မြောင်းတိမ်ကောနေခြင်းများတွေ့ရှိရပါကြောင်း၊ လက်ခွဲမြောင်းသုံးမြောင်းသည်လည်း မြောင်းပုံစံကျ မရှိသည်ကို တွေ့ရှိရပါကြောင်း၊ ရေပေးမြောင်းပေါ်မှ တူးမြောင်းအဆောက်အဦများတွင် ပိတ်ဆို့မှုများရှိနေပါသဖြင့် ရေအနည်းငယ်သာစီးဆင်းနိုင်ပါကြောင်း၊ ၎င်းရေကို တောင်သူများက စက်များဖြင့် စုပ်ယူစိုက်ပျိုးကြသော်လည်း ရေလုံလောက်မှုမရှိသည့်အတွက် မိုးရေကိုသာ အမှီပြုနေရပါကြောင်း၊ နှစ်စဉ် မိုးရေချိန် လက်မအနည်းငယ်သာရွာသွန်းမှုကြောင့် အရှုံးနှင့်သာရင်ဆိုင်နေရပါသဖြင့် ရေစီးရေလာ ကောင်းမွန်ပြီး ရေလုံလောက်စွာရရှိနိုင်ရေးအတွက် ရေမြောင်းလက်တံနှင့် လက်ခွဲမြောင်းများ အား စနစ်တကျပြုပြင်ပေးရန်လိုအပ်ပါကြောင်း၊
ဝက်လက်မြို့နယ်ရှိ ကျေးရွာခြောက်ရွာ၏ ရေသောက်ဧက ၅,၀၀၀ အတွက် တပ်ရွာမြစ်ရေတင်စီမံကိန်းမှ ဝက်လက်မြို့နယ်သို့ ရေပေးဝေမည့်လက်တံ(၇) ရေပေးမြောင်းစနစ်အား ပြုပြင် ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။