(စ)-မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာအုပ်စု၊ ငှက်ပျင်းကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်း အား အခြေခံပညာမူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2021-01-05

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အထိ မင်းတုန်းမြို့နယ်အတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်းနှင့် ကိုယ့်အားကိုယ်ကိုးစသည့် အခြေခံပညာကျောင်းပေါင်း ၆၀ ကျော်ကို အဆင့်တိုးမြှင့်ပေးခဲ့သည့် အစိုးရမူဝါဒနှင့်အညီဆောင်ရွက်ပေးခဲ့သည့် ပညာရေးဝန်ကြီးဌာနကို ကျေးဇူးတင်ပါကြောင်း၊

ငှက်ပျင်းကျေးရွာသည် လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ ကျော်က ချင်းတိုင်းရင်းသားများ ရေကြည်ရာ မြက်နုရာနေရာဒေသကို ရှာဖွေလုပ်ကိုင်စားသောက်ကြပြီး ‌ကျေးရွာအဖြစ်စုပေါင်းနေထိုင်လာခဲ့ ကြောင်း၊ အိမ်ခြေအနေဖြင့် ၂၀၊ ၂၅ အိမ်ကျော်သာရှိပြီး လူဦးရေမှာ ၁၂၀ ကျော်ခန့်ရှိပါကြောင်း၊ နှစ်စဉ်မူလတန်းကျောင်းသား ၂၅ ဦးဝန်းကျင်ရှိသည်ကိုတွေ့ရပါကြောင်း၊ ၎င်းငှက်ပျင်းကျေးရွာ သည် ပညာရေးကိုဦးစားပေးပြီး မိမိရင်သွေးငယ်များကို ပညာတတ်စေလိုသည့်အတွက် ကိုယ့်အားကိုယ်ကိုးကျောင်းကို ၁၉၈၃ ခုနှစ်ကတည်းက စတင်တည်ထောင်ဖွင့်လှစ်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ နှစ်စဉ်တစ်နှစ်လျှင် ဆရာတစ်ဦးငှားပြီးသင်ခဲ့သည်မှာ နှစ်ပေါင်း ၃၇ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အနီးဆုံးရွာသစ်ရွာနှင့် ငါးမိုင်နီးပါးဝေးပြီး ကျေးရွာအမည်ပေါက်မရသေးသည့်ရွာဖြစ်ပါကြောင်း၊ ငှက်ပျင်းကျေးရွာသည် ယခုအချိန်ထိ ကျေးရွာအမည်ပေါက်မရှိသေးသည့်အတွက် ကျောင်းအဆင့်တိုးများတင်ရန် မြို့နယ်အစည်းအဝေးတွင် အဖွဲ့စုံနှင့်ညှိနှိုင်းပြီး ကျောင်းအဆင့်တိုးတင်ခိုင်းသည့်အခါတွင် ကျေးရွာအမည်ပေါက်မရရှိသေးသည့်အတွက်တင်ခွင့်မရပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ဆရာ ငှားသင်နေရသည့်ဒုက္ခများ၊ ငွေကြေးအခက်အခဲများကို တင်ပြလာသည့်အတွက်၊ မိမိကိုယ်တိုင်လည်း မြင်ခဲ့ရသည့်အတွက် ထိုအခက်အခဲများကင်းလွတ်စေချင်သည့်ဆန္ဒဖြင့် မင်းတုန်းမြို့နယ်၊ ကြို့ဝကျေးရွာအုပ်စု၊ ငှက်ပျင်းကျေးရွာရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းအား အခြေခံပညာ မူလတန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။