(ဇ)-သနပ်ပင်မြို့နယ် အခြေခံပညာကျောင်းများတွင် လစ်လပ်လျက်ရှိသော ဆရာဆရာမများအား ဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် နိုင်ငံအဝန်းဆရာဆရာမလိုအပ်ချက်များအား မည်သို့ ဖြည့်ဆည်းခန့်ထားပေးမည်ကိုသိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ပညာရေးဝန်ကြီးဌာန၏ စတုတ္ထတစ်နှစ်တာကာလအတွင်း ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၀၂၁ ကို ဦးစားပေး လုပ်ငန်း (၁၂)ရပ်ဖြင့် ဖော်ဆောင်နေကြောင်းဖြင့် ကျောင်းသားကျောင်းသူများ တိုးတက်များပြားလာမှု၊ ဆရာဆရာမများတိုးချဲ့ခန့်ထားမှု၊ ကျောင်းများအဆင့်တိုးမြှင့်ပေးမှု၊ စာသင်ကျောင်းဆောင်များတည်ဆောက်မှု၊ ပရိဘောဂများ၊ သင်ထောက်ကူပစ္စည်းများ ပံ့ပိုးဆောင်ရွက်ပေးနေမှုများနှင့် ပညာရေးကဏ္ဍတိုးတက်ဖော်ဆောင်နိုင်မှုများကို ကိန်းဂဏန်းများနှင့်တကွ ဖော်ပြထားသည်ကို လေ့လာတွေ့ရှိသည့်အတွက် အထူးကြိုဆို ထောက်ခံအပ်ပါကြောင်း၊
ပညာရေးဝန်ကြီးဌာန၏ ဦးစားပေးလုပ်ငန်းစဉ်(၁၂)ရပ်အနက် လုပ်ငန်းစဉ်တွင် သင့်လျော်သောဆရာနှင့်ကျောင်းသားအချိုး ရရှိစေရန်ဆောင်ရွက်ရာတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံ ပညာဆရာဆရာမ စုစုပေါင်း ၄၁၀,၁၇၂ ဦးရှိပြီး ကျောင်းသားကျောင်းသူဦးရေမှာ ၉.၇ သန်းကျော် ရှိနေခြင်းကြောင့် ကျောင်းသားနှင့်ဆရာအချိုးမှာ ၁း၂၂ ဖြစ်ကြောင်းနှင့် အခြေခံပညာဆရာဆရာမ ၁၄,၃၈၈ ဦးခန့်အပ်ထားရန်လိုအပ်နေလျက်ရှိသည်ကို ဖော်ပြထားပါကြောင်း၊ ကိန်းဂဏန်းများအရ ကျောင်းသားနှင့်ဆရာအချိုး ကွာဟမှုနည်းနေသည်ကိုတွေ့ရသော်လည်း မြေပြင်အခြေအနေတွင် ဆရာဆရာမလိုအပ်မှုမြင့်မားများပြားနေသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊
သနပ်ပင်မြို့နယ်အခြေခံပညာကျောင်းများတွင် ၂၀၁၉-၂၀၂၀ စာရင်းအရ မူလတန်း ကျောင်းသား ၁၇,၈၈၈ ဦး၊ အလယ်တန်းကျောင်းသား ၁၂,၈၀၈ ဦးနှင့် အထက်တန်း ကျောင်းသား ၃,၇၀၄ ဦးရှိကာ စုစုပေါင်းကျောင်းသား ၃၄,၃၉၉ ဦးရှိပါကြောင်း၊ ဖွဲ့စည်းပုံအရ ဆရာဆရာမ ဦးရေ ၁,၄၄၁ ဦးရှိရမည်ဖြစ်သော်လည်း လက်ရှိခန့်ထားမှုသည် ၁,၁၄၉ ဦးသာ ရှိပြီး လစ်လပ်မှုမှာ ၂၉၉ ဦးရှိနေခြင်းကြောင့် ကျောင်းသားနှင့်အချိုးသည် ၁း၃၀ ခန့်ဖြစ်နေပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းသည့် ကျောင်းများသည် ဆရာဆရာမလိုအပ်မှုနည်းသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲဝေးလံသည့် ကျောင်းများတွင် ကျောင်းသားနှင့် ဆရာအချိုးမှာ ၁း၄၀ ခန့်မှ ၁း၅၀ ခန့်အထိ ရှိနေသည့်အတွက် ကလေးများ သင်ယူတတ်မြောက်မှုအပေါ် မိဘများက စိုးရိမ်နေကြပြီး လွှတ်တော်ကိုယ်စားလှယ်များကွင်းဆင်းသည့်အခါ ဆရာဆရာမလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အမြဲတမ်းတင်ပြတောင်းဆိုနေကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ပညာရေးပြုပြင်ပြောင်းလဲမှု အောင်မြင်ပေါက်ရောက်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ ဘက်စုံပညာထူးချွန်စွာ သင်ယူ တတ်မြောက်နိုင်ရေးအတွက် လိုအပ်လျက်ရှိသော အခြေခံပညာဆရာဆရာမများအား မည်သို့ ဖြည့်ဆည်းခန့်အပ်ပေးသွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။