(ဈ)-ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအား အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာမူလတန်းကျောင်းကို ၁-၆-၁၉၈၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁-၆-၂၀၀၂ ရက်နေ့ တွင် အခြေခံပညာမူလတန်းလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့သည်မှာ ၁၈ နှစ် ကျော်လွန် ခဲ့ပြီဖြစ်ပါကြောင်း၊ အောင်မင်္ဂလာရပ်ကွက်သည် အေးချမ်းသာမြို့မှ မွန်စုစသောအကွက်ငယ်များဖြင့် ကျယ်ပြန့်စွာဖွဲ့စည်းတည်ရှိပြီး နေထိုင်သူဦးရေမှာ တဖြည်းဖြည်း များပြားလာခဲ့သောကြောင့် ကျောင်းသားကျောင်းသူဦးရေမှာ နှစ်စဉ်တိုးတက်များပြားလျက်ရှိပါကြောင်း၊ အနီးဆုံးအဆင့်မြှင့်ကျောင်းဖြစ်သည့် ဘုတ်ပြင်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် နှစ်မိုင်ခန့်ကွာဝေးပြီး ကျောင်း(၂)ကျောင်းမှာ မြို့၏တောင်ဘက်ပိုင်းနှင့် မြောက်ဘက်ပိုင်းတို့တွင် သီးခြားစီတည်ရှိနေပါကြောင်း၊ သတ္တမတန်းအောင်မြင်ပြီးသူများသည် ဘုတ်ပြင်း အ.ထ.ကကျောင်းသို့ စက်ဘီး၊ ဆိုင်ကယ်များ စီးပြီးကျောင်းတက်ကြရပြီး လမ်းများမှာကျဉ်းမြောင်းသဖြင့် ကျောင်းတက်ကျောင်းဆင်း ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားပြီး ကျောင်းဆင်းချိန် ယာဉ်မတော်တဆဖြစ်စဉ်တစ်ခုတွင် ကျောင်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါကြောင်း၊ ကျောင်းသားကျောင်းသူအများစုမှာ ဆင်းရဲနွမ်းပါးသော လက်လုပ်လက်စားမိဘများ၏ သားသမီးများဖြစ်ကြပြီး သတ္တမတန်း အောင်မြင်ပြီးသည်နှင့် အဆင့်မြင့်ကျောင်းသို့ ပို့ရန်အဆင်မပြေသောကြောင့် ကျောင်းသားတစ်ဝက်ခန့်မှာ ကျောင်းထွက်သွားခဲ့ကြရပါကြောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ရန်အတွက် လိုအပ်ချက်များကိုလည်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့နှင့် ရပ်ကွက်သူရပ်ကွက်သားများ ဝိုင်းဝန်းပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်သွားကြမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောင်းသား ကျောင်းသူများ အန္တရာယ်ကင်းအေးချမ်းစွာ အလယ်တန်းပညာကို ပြီးမြောက်အောင် ဆက်လက် သင်ယူနိုင်ရေးအတွက် ဘုတ်ပြင်းမြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်းအား အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။