(ခ)- ​​​​​​​မန္တလေးမြို့ စက်မှုဇုန်အနီးကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အသစ်ပေါ်ထွက်လာသော ရပ်ကွက်ကြီးများနှင့်ပတ်သက်ပြီး မည်သို့စီမံဆေင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-05

မန္တလေးမြို့ စက်မှုဇုန်အနီး ကျေးရွာနေပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အသစ်ပေါ်ထွက်လာသော ရပ်ကွက်ကြီးများနှင့်ပတ်သက်ပြီး မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်းမေးမြန်းလိုပါကြောင်း၊ ပထမအချက်အနေဖြင့် ပုသိမ်ကြီးမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်ကြား တွင်ရှိသော မူလရှိရင်းစွဲကျေးရွာများ၏ဖွံ့ဖြိုးရေးဖြစ်ပါကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၏ ဘယ်ဘက်ခြမ်းအပိုင်းတွင် ပုသိမ်ကြီးမြို့နယ်ထဲက ကျေးရွာ (၄)ရွာ ပါဝင်နေပြီး ၁၉၉၈ ခုနှစ် မန္တလေး စက်မှုဇုန်မြို့တော် တည်ထောင်ခဲ့သည့်အချိန်တွင် ကျေးရွာများ၏ လယ်ယာမြေများကို သိမ်းဆည်းပြီး စက်မှုဇုန်ကို တည်ထောင်ခဲ့ပါကြောင်း၊ မြေကို ရအောင်သိမ်းပြီး ကျေးရွာကို‌ ဖွံ့ဖြိုးရေးကိစ္စများ၊ လုပ်ဆောင်ရမည့်ကိစ္စများ၊ မြို့ပြအင်္ဂါရပ်နှင့်အညီ၊ ရပ်ကွက်အင်္ဂါရပ်နှင့်အညီ ဆောင်ရွက်ပေးခဲ့ခြင်းမရှိဘဲ ကျေးရွာ (၄) ရွာကို စက်မှုဇုန်ထဲတွင် ၎င်းအတိုင်းထားခဲ့ပါကြောင်း၊ အမှန်တကယ်ဆိုပါက ၎င်းတို့၏လယ်ယာမြေများကို သိမ်းပြီးစနစ်တကျ အကွက်ဖော်ပြီး မြေနေရာ အစားထိုးပေးခဲ့ကာ ရပ်ကွက်အသစ်၊ မြို့ပြအင်္ဂါရပ်နှင့်ညီအောင် လုပ်ဆောင်ပေးခဲ့ရမည်ဖြစ် ပါကြောင်း၊ သို့သော် ယနေ့အချိန်အထိ စက်ရုံ၊ အလုပ်ရုံများကြားတွင် ထိုကျေးရွာ လေးက ယနေ့အချိန်အထိ ရေဆိုးပစ်မြောင်းများ၊ လမ်းများကောင်းကောင်းမရှိဘဲ ဖြစ်နေပါကြောင်း၊

၁၉၉၈ ခုနှစ်တွင် ထိုကဲ့သို့ လယ်ယာမြေများကို သိမ်းပြီးအကွက်များ ပြန်ချပေးကာ စနစ်တကျ လုပ်နိုင်သော်လည်း ယင်းသို့ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အတွက် အခက်အခဲများ များစွာ ရှိပါကြောင်း၊ ယနေ့အချိန်တွင် စက်ရုံ၊ အလုပ်ရုံများကြားတွင် ထိုကျေးရွာများ၏ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေကိစ္စ၊ ရေဆိုးပစ်ကိစ္စများ ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း၊ ထိုရွာများနှင့် ပတ်သက်၍ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ကြီးတံခွန်မြို့နယ်ထဲကို လွှဲပြောင်းပေးခဲ့သည်ကို စာရင်းဇယားများအရ သိရှိရပါကြောင်း၊  ထို့ကြောင့် ဒေသဖွံ့ဖြိုးရေးများ များစွာလုပ်ဆောင်ပေးရန် မေးခွန်းမေးမြန်းလိုပါကြောင်း၊

ဒုတိယအပိုင်းအနေဖြင့် အသစ်ပေါ်ထွက်လာသည့် ရပ်ကွက်ကြီးများနှင့်ပတ်သက်၍ မိမိတင်ပြခဲ့သည့် လယ်ယာမြေများကို သိမ်းယူပြီး အကွက်များရိုက်၊ စက်မှုဇုန်ဖော်သည့်နေရာတွင် တချို့သော မြေနေရာများမှာ ဂရန်များထုတ်ယူပြီး သတ်မှတ်ချိန်အတွင်း အကောင်အထည်မဖော်နိုင်ခဲ့သည့် စီမံကိန်းမြေများများစွာရှိပါကြောင်း၊ သက်ဆိုင်ရာ သိမ်းဆည်းခံရသည်ကို သိလျက်နှင့်ပြန်လည် အကွက်ရိုက်သည့်ပုဂ္ဂိုလ်များ ရှိသလို၊ မသိဘဲအကွက်ရိုက်ပြီး ပြန်ရောင်းသည်လည်း ရှိပါကြောင်း၊ အသိမ်းဆည်းမခံခဲ့ရသည့် လယ်သမားများကိုယ်တိုင် အကွက်များ ပြန်ရိုက်ပြီး မြေရောင်း မြေဝယ်များလုပ်ခဲ့ပါကြောင်း၊ နှစ်ဖက်စလုံး ရပ်ကွက်လူဦးရေအပြည့် ဖြစ်နေပြီး ၎င်းရပ်ကွက်ကို တရားဝင်ဖြစ်မြောက်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရကို  အိမ်ထောင်စုပေါင်း ၁၂၀၀ ကျော်က လက်မှတ်ရေးထိုးတင်ပြထားပါကြောင်း၊  ယနေ့အချိန်၂၀၁၉ ခုနှစ် အတွင်းတွင် အိမ်ခြေ ၅၀၀၀ ကျော်ရှိသည့် အဆိုပါရပ်ကွက်ကြီးကို ကျူးကျော်အဖြစ် သတ်မှတ်ထားခြင်းကို ပယ်ဖျက်ပြီး လိုအပ်သည့်ဒေသဖွံ့ဖြိုးရေးများ လုပ်ငန်းများ ဆက်လက်လုပ်ဆောင် ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။