လယ်ယာမြေများကိုလုပ်ပိုင်ခွင့်ရလယ်သမား များကဝင်ရောက်ထွန်ယက်ရာတွင်ဥပဒေနှင့် အညီ တရားစွဲဆိုမှုများကို သင့်/မသင့်သုံးသပ်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် လယ်ယာမြေကို အခြား နည်း အသုံးပြုခွင့် နန ၃၀ ကို ခွင့်ပြုခွင့်မကျသေးသော လယ်မြေများသည် ဥပဒေအရ လယ်မြေများသာ ဖြစ်သည့်အတွက် ခြံစည်းရိုးခတ်ခြင်း၊ လမ်းဖောက်ခြင်းပြုလုပ်သည့် ကုမ္ပဏီများသည် လယ်ယာမြေဥပဒေကို ချိုးဖောက်နေကြသည့်အတွက် ဥပဒေနှင့်အ ညီ တားဆီးအရေးယူပေးရန် မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီးက တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပေးပါမည် ဟု ဖြေကြားခဲ့ပါကြောင်း။
သို့သော် ယင်းကုမ္ပဏီများသည် လယ်ယာမြေဥပဒေကို ချိုးဖောက်ပြီး ကာရံထားသော ခြံစည်းရိုးများကို ဖယ်ရှားပေးခြင်းမရှိသည့်အပြင် ထွန်ယက်စိုက်ပျိုးနေသော လယ်သ မားများကို ပုဒ်မ ၄၂၇ အကျိုးပျက်စီးမှု ရှိလျှင် ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်၊ ပုဒ်မ ၄၄၇ ရာဇဝတ်မကင်းသော ကျော်နင်းမှု ရှိလျှင် ထောင်ဒဏ် ၃ လ နှင့် ငွေဒဏ်တို့ဖြင့် တရားစွဲဆိုခဲ့သည်ကို ရန်ကုန် တိုင်းဒေသကြီးနှင့် အခြားပြည်နယ်/တိုင်းဒေသကြီး အသီးသီးတို့တွင် အမြောက်အများရှိနေပါကြောင်း။
သာမန်အားဖြင့် ကုမ္ပဏီများသည် အထက်ပါပုဒ်မ ၂ ခုနှင့် ရဲစခန်းများတွင် သွားရောက်တိုင်ကြားသည့်အခါ တွင် မြန်မာနိုင်ငံတော်ရဲလက်စွဲအပိုဒ် ၁၄၁၁ အရ တိုင်ချက်ကို မှတ်ပုံတင်ပြီး ရဲလက်စွဲ အပိုဒ် ၁၄၂၃ အရ သတင်းပေးချက်ကို ရေးသားထည့်သွင်းပြီး ချက်ချင်းစုံစမ်းစစ်ဆေးရမည်ဟု မြန်မာနိုင်ငံတော်ရဲလက်စွဲတွင် ဖော်ပြ ထားပါကြောင်း၊ ရဲလက်စွဲအပိုဒ် ၁၄၃၈ အရ အမှုစုံစမ်းစစ်ဆေးပြီးသည့်အခါ တရားရုံးကို စွဲမတင်နိုင်သော အမှုဖြစ်ပါ က ကျီစယ်မှု သို့မဟုတ် မှားယွင်းမှု သို့မဟုတ် အရေးမယူပိုင်မှုတို့ကို အစီရင်ခံစာ ရေးသားပြီး အမှုကို တရားရုံးတွင် စွဲတင်ခြင်းမပြုဘဲ ထားရမည်ဖြစ်ပါကြောင်း။
သို့သော် ကုမ္ပဏီများမှ ပုဒ်မ ၄၂၇ နှင့် ၄၄၇ ဖြင့် တရားစွဲဆိုသည်ကို သက်ဆိုင်ရာရဲစခန်းမှ သွားရောက်စစ်ဆေး လျှင် ပုဒ်မ ၄၂၇ နှင့် ၄၄၇ ကို ကျူးလွန်သည်မှာ လယ်သမားမဟုတ်ဘဲ ကုမ္ပဏီကြီးများ ဖြစ်နေသည်ကို တွေရှိ ရမည်ဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကုမ္ပဏီကြီးများသည် နန ၃၉ ခွင့်ပြုမိန့်မကျသေးသော လယ်မြေများ ကို ခြံခတ်ခြင်းသည် လယ်ယာမြေဥပဒေကို ချိုးဖောက်သည့်အပြင် လုပ်ပိုင်ခွင့်ရလယ်သမားများ၏ အကျိုးကို ဖျက်ဆီးရာရောက်နေပါကြောင်း၊ တရားဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်မရသော လယ်သမားများပိုင် မြေကို ခြံခတ်ခြင်း သည် ရာဇဝတ်မကင်းသော ကျော်နင်းမှု ပုဒ်မ ၄၄၇ ကို ကျူးလွန်နေသူများသည် ကုမ္ပဏီကြီးများသာ ဖြစ် ပါကြောင်း။
ထို့ကြောင့် မှားယွင်းမှု သို့မဟုတ် အရေးမယူပိုင်မှုကို သတ်မှတ်၍ အမှုကို ပိတ်သိမ်းသင့်သော်လည်း ယခုအချိန်တွင် နန ၃၉ လယ်မြေများတွင် ဝင်ရောက်ထွန်ယက်နေသော လယ်သမားများ နန ၃၉ မကျသေးသော လယ်မြေပိုင် လယ်သမားများကို တရားစွဲခံနေရပါကြောင်း၊ အချို့ရဲစခန်းများသည် ထိုသို့ အမှုဖွင့်သည့်အခါတွင် စုံစမ်းစစ်ဆေးပြီး မှ အမှုအား ပိတ်သိမ်းလိုက်သည်ကို တွေ့ရှိရပါကြောင်း၊ သက်ဆိုင်ရာ လယ်သမားများက ကုမ္ပဏီကို ပြန်၍ ပုဒ်မ ၄၂၇ နှင့် ၄၄၇ ဖြင့် အပြန်အလှန်တရားစွဲသည့်အခါ စာရွက်စာတမ်း မပြည့်စုံသည့်အတွက် ပယ်ချနေသည်ကို လည်း တွေ့ရပါကြောင်း။
ဥပဒေမဲ့မြေသိမ်းသည့် ကုမ္ပဏီများ၏ တောင်းဆိုမှုကြောင့် သက်ဆိုင်ရာရဲစခန်းက လယ်သမားများအား အမှုဖွင့် ရုံးတင်သောကြောင့် တရားရုံးတွင် ကာလကြာရှည်စွာ အမှုရင်ဆိုင်နေရသည့်အတွက် လယ်သမားများသည် အလုပ် အကိုင်များပျက်ပြားပြီး ငွေကြေးအခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ အနာဂတ်တွင် အပြစ်မရှိသော လယ်သမားများကို ကုမ္ပဏီများက ဥပဒေနှင့်အညီ ရင်မဆိုင်ရဲအောင် တရားသည်ဖြစ်စေ/ မတရားသည်ဖြစ်စေ၊ အကြောက်တရားများ များလာစေရန် ရည်ရွယ်၍ တစ်ဖက်သတ် ဖိနှိပ်ပေးနေသည်ဟု ထင်မြင်မိပါကြောင်း။
ထို့ကြောင့် လယ်ယာမြေများကို လုပ်ပိုင်ခွင့်ရလယ်သမားများက ဝင်ရောက်ထွန်ယက်ရာတွင် ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်မရသေးသော ကုမ္ပဏီများက တရားစွဲဆိုမှုများကို ရဲစခန်းများက အမှုစွဲတင်သင့်/မသင့် သုံးသပ်ဆောင် ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ကာလကြာရှည်စွာအမှုရင်ဆိုင်နေရသော တောင်သူလယ်သမားများကို အမှုအမြန် ပြီးပြတ်အောင် ဆောင်ရွက်ရေးတို့ကို မည်ကဲ့သို့ကြပ်မတ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။