(က)-သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၂)၊ မြေဧရိယာ ၄.၅ ဧက ယာမြေနေရာကို မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက် စိစစ်ရန် အချက်(၅၂)ချက်နှင့်အညီ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-05

သိန္နီမြို့နယ်၊ စယ်အူကျေးရွာအုပ်စု၊ ကွင်းအမှတ်(၉၂)၊ ဦးပိုင်အမှတ်(လ/၁၄၊ လ/၁၅၊ လ/၄၁) မြေဧရိယာ ၄.၅ ဧက ယာမြေနေရာကို ၂၀၀၅ ခုနှစ်ရှေ့ပိုင်းက စယ်အူရဲကင်းစခန်းတည်ဆောက်ရန် မြေဟူ၍ သိမ်းယူခဲ့ရာ ယခုအခါ မြေကိုမူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက် စိစစ်ရန် အချက်(၅၂)ချက်နှင့်အညီ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

၂၀၀၅ ခုနှစ်ရှေ့ပိုင်းခန့်က သိန္နီမြို့နယ်ရဲတပ်ဖွဲ့က စယ်အူကျေးရွာရဲကင်း စခန်းတည်ဆောက်ရန် မြေဟူ၍ စယ်အူကျေးရွာကွင်းအမှတ်(၉၂)၊ ဦးပိုင်အမှတ်(လ/၁၄)၊ (လ/၁၅)၊ (လ/၄၁)၊ မြေဧရိယာ ၄.၅ ဧကကို ဒေသခံများဖြစ်သော ဦးစိုင်းမောင်လှ၊ ဦးစိုင်းဆမ်ထွန်း၊ ဒေါ်ထုဘူတို့ထံက လက်မှတ် ထိုးပြီး သိမ်းယူခဲ့ပါကြောင်း၊ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စယ်အူ ရဲကင်းစခန်း အမည်ဖြင့် မြို့နယ်ရဲတပ်ဖွဲ့က မြေငှားဂရန်လျှောက်ထားခဲ့ပါကြောင်း၊ ရှမ်းပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(မြောက်ပိုင်း)က စယ်အူရဲကင်းစခန်းအဖြစ် သဘောတူ ခွင့်ပြု ထားခဲ့ပါကြောင်း၊ အဆိုပါရဲကင်းမြေကို ဌာနကအသုံးပြုလာခဲ့ပြီး ၂၀၀၅-၂၀၀၆ ခုနှစ်နောက်ပိုင်း ယနေ့အထိ ရဲတပ်ဖွဲ့ဝင်များရဲကင်း၌ ရှိမနေကြတော့ပါကြောင်း၊ ရဲစခန်းအဆောက်အအုံလည်း ယိုယွင်းပျက်စီးပြီး ချုံနွယ်ပိတ်ပေါင်းများနှင့်ရှိနေခဲ့ပါကြောင်း၊ အဆောက်အအုံအနောက်ဘက်တွင် မြေကွက်များရှိပြီး ရွာသားတစ်ဦးထံက သီးစားချထားပေးခဲ့ပါကြောင်း၊ ယနေ့အချိန်အထိ စယ်အူ ရဲကင်းစခန်းအဖြစ် အသုံးမပြုတော့ပါကြောင်း၊ မူလပိုင်ရှင်များဖြစ်သော ဒေသခံများက ၎င်း လယ်ယာမြေကို ပြန်လည်ရလိုမှုဖြင့် မြို့နယ်ရုံးကို ပြန်လည်လျှောက်ထားလာခဲ့ကြပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုနှင့်ပတ်သက်ပြီး စိစစ်ရေးကော်မတီ၏ (၅၂)ချက်က ပြန်လည်စိစစ်ပြီး လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်သွားရန် လိုအပ်နေပါကြောင်း၊ လက်ရှိ အခြေအနေတွင် ရဲကင်းစခန်းအဖြစ်လည်း အသုံးမပြုတော့ပါကြောင်း၊ သက်ဆိုင်သူများကို လျော်ကြေးပေးပြီး သိမ်းဆည်းရယူခဲ့ခြင်းလည်း မဟုတ်ပါကြောင်း၊ လုပ်ငန်းအကောင်အထည် ဖော်မှုလည်း မရှိတော့ပါကြောင်း၊ သို့ဖြစ်ပါ၍ မြေကိုမူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်နိုင်ရန် ရှိပါသလား၊ အဆိုပါရဲကင်းစခန်းနယ်မြေ ၄.၅ ဧကကို သိမ်းဆည်းမြေနှင့်ပတ်သက်၍ စိစစ်ရန် အချက်(၅၂)ချက်နှင့်အညီ ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။