(င)-လှိုင်သာယာမြို့နယ်ရှိလျှပ်စစ်မီးတိုင်များအမြန်ဆုံးပြောင်းရွှေ့ပေးရန်နှင့်လျှပ်စစ်မီးတိုင်များ၊ထရန် စဖော်မာများထပ်မံတည်ဆောက်ပေးခြင်း၊ရှုပ်ထွေးမီးကြိုးများရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
လှိုင်သာယာမြို့နယ်ရှိ အဓိကလမ်းမကြီးများ ဖြစ်သော ရန်ကုန်-ပုသိမ်လမ်း၊ ညောင်တုန်းလမ်း၊ ကျန်စစ်သားလမ်း၊ တပင်ရွှေထီးလမ်း၊ ပီမိုးနင်းလမ်းစသည့်လမ်းမကြီးများကို ယခုအခါ လမ်းအဆင့်မြှင့်တင်တိုးချဲ့ပြီး လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးသော်လည်း လမ်းမကြီးများပေါ်တွင် ယခင်ကစိုက်ထူထားသော လျှပ်စစ်မီးတိုင်များ တည်ရှိနေသောကြောင့် လမ်းမကြီးများကို ပြည့်ဝစွာအသုံးပြုမရခြင်း၊ မော်တော်ယာဉ် သွားလာရေးကိုခက်ခဲစေသည့်အပြင် ယာဉ်အန္တရာယ်ဖြစ်စေ ပါကြောင်း၊ ထို့ကြောင့် ယခင်စိုက်ထူထားသော လျှပ်စစ်မီးတိုင်များကို ရွှေ့ပြောင်းပေးမှသာ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ လှိုင်သာယာ မြို့နယ်၏ လျှပ်စစ်မီးသုံးစွဲမှု သည် အိမ်သုံးမီတာ ၇၀,၀၀၀ ကျော်၊ အိမ်သုံး၊ လုပ်ငန်းသုံးပါဝါမီတာ ၃,၀၀၀ ခန့်၊ စက်မှုသုံးထရန်စဖာ ၂,၀၀၀ ကျော်ရှိပြီး လှိုင်သာယာမြို့နယ် လျှပ်စစ်သုံးစွဲမှုပမာဏသည် ရန်ကုန်မြို့နယ်တစ်မြို့လုံး၏ သုံးစွဲမှု ပမာဏ၏ ငါးပုံတစ်ပုံခန့်ရှိပါကြောင်း၊
ဘတ်စ်ကားမှတ်တိုင်များ ရှေ့တွင် လျှပ်စစ်မီးတိုင်များ၊ ကွေ့ကြောများတွင် လျှပ်စစ်မီးများနှင့် ရှုပ်ထွေးနေသောမီးကြိုးများ ရှိပါကြောင်း၊ ရပ်ကွက်များတွင် ၄၀၀ ဗို့ လိုင်းကြိုး များမရှိသောကြောင့် မီးတိုင်ရှိသည့်နေရာများမှ Service ကြိုးများဆွဲရသည့်အတွက် မီးတိုင်တစ်တိုင်လျှင် အိမ်ခြေ ၇၀၊ ၈၀ ခန့် ဝိုင်းဆွဲရသည့်အတွက် ရှုပ်ထွေးမီးကြိုးများကို အမြန်ဆုံး ရှင်းလင်းပေးရန် လိုအပ်ပါကြောင်း၊
ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေပြီး ဓာတ်အားပြည့်ဝစွာသုံးစွဲမှုရစေရန် ယခုတပ်ဆင်ပြီးထရန်စဖော်မာအလုံး ၃၀၀ ကျော် လောင်ကျွမ်း ပျက်စီးမှုမရှိစေရေးအတွက် လိုအပ်သော ၂၀၀ KVA ထရန်စဖော်မာများအား ထပ်မံတပ်ဆင်ပေးရန်နှင့် ရှုပ်ထွေးမီးကြိုးများရှင်းလင်းခြင်း၊ လမ်းမကြီးများပေါ်ရှိမီးတိုင်များ ရွှေ့ပြောင်းစိုက်ထူပေးခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စီစဉ် ဆောင်ရွက် ပေးမည်ဆိုပါက မည်သည့်အချိန်ကာလတွင်ဆောင်ရွက်ပေးမည်၊ ဆောင်ရွက်ပေး နိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။