(ဇ)-ပြည်သူ့ဆေးရုံတွင်လိုအပ်လျက်ရှိသောအဏုကြည့်မှန်ပြောင်းနှင့်ဓာတ်မှန်ရိုက်စက်ပစ္စည်းကိရိယာကိုမည်သည့်အချိန်တပ်ဆင်ပေးမည်နည်း၊လိုအပ်နေသည့်ဆရာဝန်၁ဦးကိုခန့်ထားပေးနိုင်ခြင်းရှိ/မရှိနှင့်လူနာတင်ယာဉ်၁စီးချပေးနိုင်ခြင်းရှိ/မရှိသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(ဇ)-အင်ဂျန်းယန်မြို့ရှိ ပြည်သူ့ဆေးရုံတွင် လိုအပ်လျက်ရှိသော Microscopt(အဏုကြည့်မှန်ပြောင်း)ကို အသုံးပြုနိုင်ရန် မည်သည့်အချိန်တွင် တပ်ဆင်ပေးနိုင်မည်နည်း၊ ဓာတ်မှန်ရိုက်စက်ပစ္စည်းကိရိယာ ကို မည်သည့်အချိန်ချထားတပ်ဆင်ပေးမည်နည်း၊ လိုအပ်နေသည့်ဆရာဝန်တစ်ဦးကို ခန့်ထား ပေးနိုင်ခြင်းရှိ/မရှိနှင့် လူနာတင်ယာဉ်(Ambulance)တစ်စီးချပေးနိုင်ခြင်းရှိ/မရှိကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

အင်ဂျန်းယန်မြို့နယ်သည် ဧရာဝတီမြစ် စတင်ဖြစ်တည်ရာ မြစ်ဆုံဒေသ မေခနှင့်မလိခမြစ်နှစ်သွယ်ကြားတွင်တည်ရှိပြီး မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့-ချီဖွေမြို့-ဆော့လော်မြို့-ခေါင်လန်ဖူး မြို့-ဆွမ်ပလာဘွမ်မြို့နယ်တို့နှင့် ဆက်စပ်တည်ရှိပါကြောင်း၊ ၁၉၆၄ ခုနှစ်တွင် မြို့နယ်အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် ၁၉၈၉ ခုနှစ်တွင်ပျက်စီးသွားခဲ့ပြီး ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ပြန်လည်တည်ဆောက် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ မြို့နယ်အင်္ဂါရပ်နှင့် အညီဖြစ်အောင် ဌာနဆိုင်ရာရုံးများ၊ အဆောက်အအုံများနှင့်အတူ မြို့နယ်ပြည်သူ့ဆေးရုံကို ဖွင့်လှစ်တည်ဆောက်ထားပြီးဖြစ်သော်လည်း တချို့ဌာနဆိုင်ရာရုံးနှင့်ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ရန် လိုအပ်နေဆဲဖြစ်ပါကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် စက်ကိရိယာများ ချထားပေးသော်လည်း ပညာရှင်ဝန်ထမ်းမခန့်ထားပေးနိုင်ခြင်း၊ ဝန်ထမ်းပညာရှင်ခန့်ထားပေးသော်လည်း စက်ကိရိယာမချထားပေးနိုင်ခြင်းများ ရှိပါကြောင်း၊ ရောဂါရှာဖွေစစ်ဆေးရန်အတွက်အဏုကြည့်မှန်ပြောင်းချထားပေးသည်မှာလေးနှစ်ခန့်ရှိနေပြီး ဝန်ထမ်းပညာရှင် ခန့်ထားပေးနိုင်ခြင်းမရှိဘဲ ယခုအခါ ပညာရှင်ဝန်ထမ်းခန့်ထားပေးသော်လည်း စက်တပ်ဆင်ဖို့ရန် လိုအပ်လျက်ရှိသည့်အတွက် အသုံးပြုနိုင်ခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် စက်တပ်ဆင်ပေးရန် သက်ဆိုင်ရာသို့ မေးမြန်းခဲ့ရာတွင် အရစ်ကျအစီအစဉ်ဖြင့်ပြုလုပ်ပေးနိုင်သည်ဟု သိရှိရပါကြောင်း၊ ထို့အတူ ဓာတ်မှန်ရိုက်စက် ကိရိယာချထားပေးခြင်း မရှိသော်လည်း ဝန်ထမ်းပညာရှင်ကို ကြိုတင်ခန့်ထားသည့်အတွက် အဆိုပါစက်ကို လျင်မြန်စွာချထား‌တပ်ဆင်ပေးနိုင်ရန် မျှော်လင့်လျက်နေပါကြပါကြောင်း၊

အင်းဂျန်းယန်မြို့နယ်တွင်တာဝန်ခံလက်ထောက်ဆရာဝန်တစ်ဦးတည်းဖြင့် ကြည့်ရှုကုသနေသည်မှာ ၅ နှစ်ကျော်ပြီဖြစ်ပါကြောင်း၊ ဆရာဝန်တာဝန်ဖြင့်ခရီးထွက်ပါက သူနာပြုဆရာမများက ကုသမှု တာဝန်ယူကြရပါကြောင်း၊

စက်ပစ္စည်းမစုံလင်ခြင်းနှင့် အတူဆရာဝန်အင်အားနည်းပါးခြင်းတို့ကြောင့် အရေးပေါ်လူနာများနှင့် မွေးလူနာများကို မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံသို့ကုသရန် ညွှန်ကြားလျက်ရှိသော်လည်း ပုံမှန်ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းများမရှိသဖြင့် ခက်ခဲမှုများ ရှိနေပါကြောင်း၊ မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံသို့ကုသရန် မြို့နယ်အုပ်ချုပ်ရေးရုံးနှင့် မြို့နယ်ပြည်သူ့ရဲဌာနသို့ အကူ အညီ တောင်းပြီး ဌာနဆိုင်ရာကားများဖြင့် လူနာများကို ပို့ဆောင်ပေးနေရပါကြောင်း၊ လုပ်ငန်းသဘောသဘာဝနှင့် တိုက်ရိုက်တာဝန်မရှိသော်လည်း ဌာနဆိုင်ရာလူကြီးများက စိတ်စေတနာ အပြည့်ဖြင့် စိုးရိမ်ပူပန်မှုများစွာဖြင့် ကူညီဖြေရှင်းနေခြင်းဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ (၁) အဏုကြည့်မှန်ပြောင်းကို အသုံးပြုနိုင်ရန်မည်သည့်အချိန်တွင်တပ်ဆင် ပေးနိုင်မည်ကိုလည်းကောင်း၊ (၂)ဓာတ်မှန်ရိုက်စက်ပစ္စည်းကိရိယာကို မည်သည့်အချိန်တွင် ချထားတပ်ဆင်ပေးနိုင်မည်ကို လည်းကောင်း၊ (၃) လိုအပ်နေသော ဆရာဝန်တစ်ဦးထပ်မံခန့်ထားပေး နိုင်ခြင်း ရှိ/မရှိနှင့် (၄) လူနာတင်ယာဉ် (Ambulance) တစ်စီးချထားပေးနိုင်ခြင်းရှိ/မရှိတို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။