(ည)-အုတ်တွင်းမြို့နယ်၊ ကျွဲပွဲဆေးရုံအား ၁၆ ကုတင်ဆံ့ဆေးရုံမှ ၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
အုတ်တွင်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ တစ်ခုနှင့် တိုက်နယ်အဆင့် ဆေးရုံ နှစ်ခုရှိပြီး ကျွဲပွဲဆေးရုံသည် တိုက်နယ်အဆင့် ဆေးရုံ ဖြစ်ပါကြောင်း၊ကျွဲပွဲတိုက်နယ်ဆေးရုံသည်တည်ဆောက်ပြီး ဆေးကုသပေးနေသည်မှာ ငါးနှစ်ရှိပြီ ဖြစ်သည့်အပြင်ဆေးရုံတွင်တက်ရောက်ကုသနေသည့် လူနာအရေအတွက်သည် တစ်နေ့တစ်ခြားများပြားနေပါကြောင်း၊ ကျွဲပွဲမြို့ အနီးနားရှိ ကျေးရွာများသာမကမြို့နယ်အတွင်းအခြားသော ဒေသများမှ လူနာများပါ အားကိုးတကြီးဖြင့် တက်ရောက် ကုသနေကြသည့် ဒေသခံပြည်သူများ၏ အားကိုးရာ ဆေးရုံတစ်ခုအဖြစ် တည်ရှိနေပါကြောင်း၊ တက်ရောက်ကုသနေသည့် လူနာများအတွက် လိုအပ်သည့် ခေတ်မီဆေးကုသရေး ကိရိယာများ ပြည့်စုံသင့်သလောက် ပြည့်စုံစွာ ရှိနေပါကြောင်း၊ တက်ရောက်ကုသနေသည့် လူနာဦးရေသည် ၂၅ ခုတင်အဆင့်ထိ ဖြစ်နေပြီး လက်ရှိတွင် ၁၆ ခုတင်ဆံ့ ဆေးရုံဖြစ်နေသည့်အတွက် ကျန်းမာရေး ဝန်ထမ်းအင်အား လိုအပ်ခြင်း၊ ဆေးရရှိသည့် ခွဲတမ်းနည်းပါးခြင်းများကြောင့် တက်ရောက် ကုသနေရသည့် လူနာများ ကျန်းမာရေး စောင့်ရှောက်မှု ပြည့်ဝစွာရရှိရေးနှင့် ပိုမိုအားကောင်း လာစေရေးအတွက် ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးရုံတွင် နှစ်စဉ်အလိုက် ဆေးရုံလုပ်ငန်းဆောင်ရွက်ချက် လေးနှစ်စာ စာရင်းတွင် ပါဝင်သည့် အကြောင်းအရာများ ဖြစ်သည့် ဆေးရုံအတွင်း လူနာဦးရေ စုစုပေါင်း၊ ဆေးရုံပြင်ပလူနာဦးရေ၊ ဆေးရုံမွေး လူနာဦးရေ၊ တစ်နေ့ ပျမ်းမျှဆေးရုံ အတွင်းလူနာ ဦးရေ၊ တစ်နေ့ပျမ်းမျှ အပြင်လူနာ ဦးရေ၊ ဆေးရုံ ခုနှစ်ကုတင် အသုံးပြု ရာခိုင်နှုန်း၊ ဆေးရုံ အသုံးချမှု၊ ကုတင်အသုံးပြုမှု ရာခိုင်နှုန်း၊ လူနာတစ်ဦးအတွက် ပျမ်းမျှဆေးရုံတက်ရောက်သူပေါင်း၊ ဆေးရုံလူနာ တက်ရောက်သူပေါင်း၊ ဆေးရုံဆင်း လူနာနှင့် သေဆုံးသူ စုစုပေါင်းသည် နှစ်စဉ်မြင့်တက်နေသည်ကို တွေ့ရှိရပြီး ကျန်းမာရေးဝန်ထမ်းများသည် သတ်မှတ်ချက်အတိုင်း ပြည့်စုံမှု မရှိသည်ကိုတွေ့ရပါကြောင်း၊ ၃.၆ ဧကအကျယ် ရှိသည့် ကျွဲပွဲ တိုက်နယ်ဆေးရုံသည် ၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်မြှင့်တင်ရန် လက်ရှိ ဆေးရုံအဆောက်အအုံကို ထပ်မံတိုးချဲ့ရန် မြေနေရာ အလုံအလောက် ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၅ ခုတင်ဆံ့ တိုက်နယ်အဆင့် ဆေးရုံအဖြစ် ဖြူးမြို့နယ်တွင် ကညွှတ်ကွင်း မြို့တွင်သာ ရှိသည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုအတွက် ထပ်မံ၍လည်း ၂၅ ခုတင်ဆံ့ တိုက်နယ်ဆေးရုံများ အဆင့်တိုးမြှင့်ရန် လိုအပ်နေပါသောကြောင့် ကျွဲပွဲ ၁၆ ခုတင်ဆံ့ ဆေးရုံအား၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ရေးအတွက် လိုအပ်ချက်များနှင့် ပြည့်စုံနေသည့်အတွက်၂၅ ခုတင်ဆံ့ ဆေးရုံအဖြစ် အဆင့်တိုးမြှင့်နိုင်ရေးအတွက် မေးမြန်းပါသည်။