(ဈ)-ကျောက်တန်းမြို့နယ်ကျုံကန်တိုက်နယ်ဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းပြီးဆုံးအောင်ဆောင်ရွက်ခြင်းမရှိဘဲငွေအပြည့်ထုတ်ပေးခဲ့သောနိုင်ငံ့ဝန်ထမ်းများကို စိစစ်အရေးယူ ပေးပါရန် တိုင်ကြား ထားသည့် ကိစ္စနှင့်စပ်လျဉ်း၍အခြေအနေမှန်ကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ကျုံကန်ဆေးရုံ တည်ဆောက်ခြင်း လုပ်ငန်းသည် ဆေးရုံပြီးဆုံးစေရန် တည်ဆောက်ခြင်းမရှိ ‌ငွေ အပြည့်ထုတ်‌ပေးခဲ့သည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသည့် ဝန်ထမ်းများကို မည်သို့အရေးယူ ဆောင်ရွက်ထားနည်း အခြေအနေကို သိရှိလိုသည့်အတွက် မေးမြန်းသွားမည်ဖြစ်ပါကြောင်း၊ ၎င်းဆေးရုံသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခင်အစိုးရ လက်ထက်တင်ဒါအောင်မြင်ပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် စပြီးလုပ်ငန်းအကောင်အထည်ဖော် ခဲ့သည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နောက်ထပ် သန်း ၄၂၀ ထပ်မံ ခွင့်ပြုခဲ့ပါကြောင်း၊ ၎င်းဆေးရုံတည်ဆောက်ခြင်းလုပ်ငန်းတွင် အဆင်ပြေမှုမရှိခဲ့သည်ကို ကွင်းဆင်း သည့်အတွက် မြို့နယ်တွင် တာဝန်ရှိသည့်သူများနှင့် စုံစမ်းမေးမြန်းသည့် အချိန်တွင် ၇၅ ရာခိုင်နှုန်း သာထုတ်ပေးထားသည်ကို သိရပါကြောင်း၊ ဆေးရုံတွင် အလုပ်သမားများကို လုပ်အားခမရှင်းသည့် အတွက် ၎င်းဆေးရုံရှိ အလုပ်သမားများစားစရာမရှိသည့်အတွက် မိမိတို့ကျေးရွာမှဝိုင်းဝန်း ထောက်ပံ့ ကျွေးမွေးလိုက်ရသည့် တာဝန်ယူမှုမရှိသည့် ကုမ္ပဏီဖြစ်ပါကြောင်း၊ သို့သော် မိမိတို့လွှတ်တော် အစည်းအဝေးကနားသည့်အချိန် ကွင်းဆင်းသည်အချိန်တွင် မြို့နယ်ကတာဝန်ရှိသည့်သူများက ၎င်းဆေးရုံကို ၁၀၀ ရာခိုင်နှုန်းထုတ်ပေးလိုက်ပြီဟု သိရပါကြောင်း၊ မိမိတို့သည် ပြဿနာများ ပေါင်းစုံဖြေရှင်းပြီး မြို့နယ်အဆင့်တွင် ဆောင်ရွက်နေရသည့် လုပ်ငန်း ဖြစ်ပါကြောင်း၊ ကုမ္ပဏီကို ကြယ်ပွင့်မပြ မေးခွန်းများအရ ကုမ္ပဏီကို တရားစွဲထားခြင်း၊ Black List သွင်းထားခြင်းများ၊ ထို့ပြင် ဒဏ်ကြေး ၂၀,၀၀၀ ပေးဆောင်ခြင်းဆိုသည့် အကြောင်းကြားစာများရပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိ ဝန်ကြီးဌာနသည် စီစဉ်ကြီးကြပ်ပေးမှုများကို ကျေးဇူးတင်ပါကြောင်း၊ သို့သော် လုပ်ငန်း ပြီးဆုံးစေရန် ဆောင်ရွက်ခြင်းမရှိ ငွေအပြည့်ထုတ်ပေးလိုက်သည့် အပေါ်တွင်မိမိတို့ နိုင်ငံ့ဝန်ထမ်း များ တာဝန် ရှိပါကြောင်း၊

မိမိယခုမေးခွန်းကို မေးသည့်အချက်သည် ဆေးရုံတစ်ရုံ အပြီးတည်ဆောက်ခြင်းထက်ကိုပိုပါကြောင်း၊ ဆုံးရှုံးသွားသည့်မိမိတို့ပြည်သူ၏ယုံကြည်မှုကိုတည်ဆောက်ရန်ဖြစ်ပါကြောင်း၊ အဂတိ ကင်းသည့် စနစ်တစ်ခုတည်ဆောက်ရန်အတွက် စီစဉ်ဆောင်ရွက်လိုသည့်အတွက် ဖြစ်ပါကြောင်း၊ မိမိတို့သည် ပြည်သူ့ဘတ်ဂျက်၊ ပြည်သူ့အတွက် ဖြစ်ရမည်ဟု ကတိကဝတ် ပေးခဲ့သည့် မိမိအတွက် အခုအချိန်ထိ ၂၀၁၄ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သည့် ဆေးရုံသည် အခုအချိန်ထိ မပြီးသည့် အပြင် ချုံနွယ်ပိတ်ပေါင်းများနှင့် ဖြစ်သည့်အတွက် လွန်စွာမှအရှက်ရစေပါကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်သူများ၏ ယုံကြည်မှုများ ပြန်လည်တည်ဆောက်ရန် ကောင်းမွန်သည့် စနစ်တစ်ခု တည်ဆောက်ရန်အတွက် ဖြစ်ပါကြောင်း၊ ယခုဆေးရုံ တစ်ခုတည်း မဟုတ်ပါကြောင်း၊ အခြားနေရာ များတွင်လည်း အများကြီးဖြစ်နေသည်ကို တွေ့ရှိပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများကို မည်သို့ စီမံဆောင်ရွက် အရေးယူထားသနည်းဆိုသည့် ကိစ္စပေါ်တွင် သိရှိလိုသည့်အတွက် မေးမြန်းပါသည်။