(က)-ပြည်သူ့ဝန်ထမ်းများက နိုင်ငံဘဏ္ဍာအား အလွဲသုံးစားပြုလုပ်ပါက ပြန်ပေးလျော်စေခြင်းသည် အဂတိလိုက်စားမှုကို လျှော့ချရာရောက်/မရောက်သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိမဲဆန္ဒနယ်ဖြစ်သော မန်တုံမြို့နယ်၊ ပြည်သူ့ဆေးရုံမှဝန်ထမ်းများသည် မြို့နယ်ဆရာဝန်နှင့် အထက်တန်းစာရေး နှစ်ဦးအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၏ အသုံးစရိတ်အား အလွဲသုံးစားပြုလုပ်ကြောင်း တိုင်ကြားစာလက်ခံရရှိခဲ့ပါကြောင်း၊ ထိုတိုင်ကြားစာနှင့် ပတ်သက်ပြီး မိမိအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအား ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခြင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တွင် တိုင်ကြားစာများပေးပို့ခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ကျေနပ်အားရမှုမရှိသည့်အတွက် ၎င်းမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး မိမိအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခွဲဝေချထားပေးသော သာမန်အသုံးစရိတ် ငွေစာရင်းခေါင်းစဉ်အလိုက် သုံးစွဲမှု၊မှန်ကန်မှု ရှိ/မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းအားမေးမြန်းခဲ့ရာ သက်ဆိုင်ရာဝန်ကြီးဌာနမှ မန်တုံမြို့နယ်၊ ပြည်သူ့ဆေးရုံအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ခွဲဝေချထားသည့် သာမန်အသုံးစရိတ် ရန်ပုံငွေကျပ်သန်း ၁၁၂.၃၉ သန်းမှ ငွေစာရင်းခေါင်းစဉ်ငယ်အလိုက် ငွေစာရင်း ခေါင်းစဉ်(ဂ) ၀၃၀၀ ပစ္စည်းများ ဝယ်ယူခြင်းတို့အတွက် ကုန်ကျစရိတ်ငွေစာရင်းခေါင်းစဉ်တွင် ကျပ် သန်းပေါင်း ၄.၁၁၀ သုံးစွဲမှုသည် မှန်ကန်မှုမရှိကြောင်း ပေါ်ပေါက်လာခဲ့သည့်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ၎င်းတို့အား ပြင်းထန်စွာသတိပေးကြောင်းနှင့် ငွေအားပြန်လည်ပေးလျော်စေခဲ့ကြောင်းဖြေကြားခဲ့ပါကြောင်း၊ ၎င်းဖြေကြားချက်အတိုင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မိမိအား ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် အကြောင်းပြန်စာပေးပို့ခဲ့ပါကြောင်း၊ မိမိ၏ လေ့လာချက်အရ ဌာနဆိုင်ရာဝန်ထမ်းများ ပြစ်မှုတစ်စုံတစ်ရာရှိ၍ ဝန်ကြီးဌာနသို့ တိုင်ကြားခဲ့လျှင် ထိရောက်မှုအားနည်းကြောင်း သိရှိရပါကြောင်း၊ ထိရောက်မှုမရှိခြင်းကြောင့်လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်များ ပေါ်ပေါက်လာရခြင်းဖြစ်ပါကြောင်း၊ မိမိထံသို့အများက တိုင်ကြားလာခြင်းများအပေါ် အချက်အလက်ပြည့်စုံပြီဆိုမှ ပထမဆုံးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်ပါကြောင်း၊ သို့ပေမဲ့လည်း ကော်မရှင်အနေဖြင့် ၎င်းတိုင်ကြားမှုကို တိုက်ရိုက်ကိုင်တွယ်စစ်ဆေး အပြစ်ပေးသည့်အပိုင်းကို လုပ်ဆောင်ခြင်းမတွေ့ရဘဲ ဝန်ကြီးဌာနအား ညွှန်ကြားသည်ကို တွေ့ရသည့်အတွက် မိမိအတွေးတစ်ခုဝင်လာသည်က အဂတိနှင့်ပတ်သက်ဆက်နွှယ်သည့်တိုင်ကြားမှု မှန်သမျှကော်မရှင်ကိုတိုင်ကြားလည်း ဘာမှမထူးဘူးဆိုသည့်အတွေးဝင်လာသည်မှာ သေချာပါကြောင်း၊ ထိုကဲ့သို့ဆိုပါက ပြည်ထောင်စုလွှတ်တော်က အချိန်များအကုန်ခံပြီး ဥပဒေပြုခြင်းများ၊ နိုင်ငံတော်ဘဏ္ဍာများစွာသုံးစွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးများ ဖွဲ့စည်းတည်ထောင်ခြင်းသည် မည်သည့်အတွက်နည်း၊ ပြည်သူ့များအကြားတွင် ဒွိဟဖြစ်စရာနှင့် ကော်မရှင်ကို ယုံကြည်မှုကျဆင်းစေခဲ့ပါကြောင်း၊
အဘက်ဘက်က အလွန်နိမ့်ကျဆင်းရဲလွန်းလှသည့် မိမိမြို့နယ်က လွှတ်တော်ဖွံ့ဖြိုးရေးကျပ်သိန်း တစ်ထောင်ကို တစ်ရွာလုံးကျပ်သိန်းနှစ်ဆယ်ခန့်သာသုံးရသည့်အချိန်တွင် အလွဲသုံးစားလုပ်သည့် ဝန်ထမ်းများကို ပြစ်ဒဏ်ပေးခြင်းက ပြစ်မှုနှင့်ကိုက်ညီမှု ရှိ/မရှိ သိလိုပါကြောင်း၊ မိမိတိုင်ကြားထားသည်မှာ တစ်နှစ်စာအသုံးစရိတ်သာဖြစ်ပါကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၏ ပြန်ကြားချက်အပေါ်တိုင်ကြားသူများက ယခုကဲ့သို့ မိမိကိုမေးခွန်းထုတ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့အလွဲသုံးစားလုပ်ပြီး ပြန်လျော်၍ရလားဟု မိမိကိုမေးပါကြောင်း၊ အဆိုပါမေးခွန်းကို မိမိမဖြေနိုင်သည့်အတွက် ကော်မရှင်ကို ထပ်ဆင့်မေးမြန်းလိုပါကြောင်း၊ ထိုကဲ့သို့အလွဲသုံးစားမှု တစ်ကြိမ်ပြုလုပ်တိုင်း ပြန်လည်ပေးလျော်ခြင်းသည် အဂတိလိုက်စားမှုတိုက်ဖျက်ရေးမူဝါဒနှင့် ကိုက်ညီမှု ရှိ/မရှိ၊ အလွဲ သုံးစားပြုလုပ်တိုင်း ပြန်လည်ပေးလျော်ခြင်းသည် အဂတိပပျောက်လျှော့ချရေးအတွက် ထိရောက်မှု ရှိ/မရှိ၊ ကော်မရှင်အနေဖြင့် စာအုပ်မှပြဋ္ဌာန်းချက်အတိုင်းမဟုတ်ဘဲ မည်သည့်အချက်များက အဂတိမြောက်ပြီး အရေးယူသည်ကို ရှင်းရှင်းလင်းလင်း တိတိကျကျသိလိုကြောင်းမေးမြန်းပါသည်။