(ခ)-တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ ယာဉ်ထိန်းရဲရိပ်သာဝင်းရှိ သစ်သားလိုင်းခန်းသည် ဆွေးမြည့် ပျက်စီးနေပြီဖြစ်ရာ လိုင်းခန်းအသစ်ဆောက်လုပ်ပေးရန်နှင့် လုပ်ငန်းသုံးမော်တော်ယာဉ်အပျက်များအား မည်ကဲသို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်း တို့နှင့်စပ်လျဉ်းသည့်မေးခွန်း
(ခ)-တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ ယာဉ်ထိန်းရဲရိပ်သာဝင်းရှိ သစ်သားလိုင်းခန်းသည် ဆွေးမြည့် ပျက်စီးနေပြီဖြစ်ရာ လိုင်းခန်းအသစ်ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ယင်းရဲရိပ်သာဝင်း အတွင်းရှိ လုပ်ငန်းသုံးမော်တော်ယာဉ်အပျက်များအား မည်ကဲသို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်း တို့နှင့်စပ်လျဉ်းသည့်မေးခွန်း
တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက်၊ ယာဉ်ထိန်းရဲရိပ်သာဝင်းအတွင်းတွင်ရှိသည့် ဆွေးမြည့်ပျက်စီးနေသည့် သစ်သားလိုင်းခန်းများအား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ၎င်းဝင်းအတွင်းတွင်ရှိသည့် နှစ်ပေါင်းများစွာ ထားရှိထားသည့် လုပ်ငန်းသုံးမော်တော်ယာဉ်ပျက်များကိုမည်သို့စီမံဆောင်ရွက်မည်ကို သိလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ၁၈၈၇ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့မှစပြီး ကျေးရွာဥပဒေပြဋ္ဌာန်းကာ ကျေးရွာပုလိပ်အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့သည်ဟု သမိုင်းကြောင်း များအရ သိရပါကြောင်း၊ ၁၈၈၉ခုနှစ်တွင် ရန်ကုန်ပုလိပ်အဖွဲ့၊ ၁၉၃၇ ခုနှစ်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ (Home Rule) ကာလတွင် အရပ်ဘက်ပုလိပ်မင်းကြီးတစ်ဦးအုပ်ချုပ်သည့် မြို့ပြပုလိပ်အဖွဲ့နှင့် စစ်ဘက်အရာရှိကြီးတစ်ဦးအုပ်ချုပ်ရသည့် စစ်ဘက်ပုလိပ်ဟု နှစ်မျိုးရှိပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက်တွင် အဆိုပါ လက်နက်ကိုင်ပုလိပ်အဖွဲ့များကိုပေါင်းပြီး ပြည်ထောင်စုစစ်ရဲဟု ပြန်ဖွဲ့စည်းပါကြောင်း၊ ၁၉၅၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ Interpol ရဲတပ်ဖွဲ့အဖြစ် ဝင်ရောက်ခဲ့ပါကြောင်း၊ ၁၉၆၀ ခုနှစ်တွင် ပြည်စောင့်ရဲတပ်ဖွဲ့အဖြစ်လည်းကောင်း၊ ၁၉၆၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ပြည်သူ့ရဲတပ်ဖွဲ့အဖြစ်လည်းကောင်း ပြောင်းလဲဖွဲ့စည်းလာရာမှ ၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့အဖြစ် ပြည်ထဲရေးလက်အောက်ခံဖြစ်ခဲ့ပါကြောင်း၊
ကမ္ဘာ့ဒီမိုကရေစီဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင် ခေတ်မီတိုးတက်သည့်နိုင်ငံများတွင် ပြည်သူ့ရဲတပ်ဖွဲ့များ၏ အခန်းကဏ္ဍသည် တရားဥပဒေစိုးမိုးရေး၊ မြို့ပြလုံခြုံရေးရာကိစ္စများဆောင်ရွက်ရာတွင် အလွန်အမင်းရှေ့တန်းရောက်အရေးပါသည့် လုပ်ငန်းရပ် များအနေဖြင့် စွမ်းဆောင်ရည်မြင့်မားစွာ ဆောင်ရွက်ကြသည်ကိုတွေ့ရသကဲ့သို့ မိမိတို့နှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကြီးသည်လည်း ယခုအချိန်တွင် အထူးသဖြင့် မိမိတင်ပြမည့် ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ပြည်သူလူထုကြားတွင် ထဲထဲဝင်ဝင်စွမ်းရည်မြှင့်ပြီး ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ပြည်သူလူထုထဲသို့ ထဲထဲဝင်ဝင် ယာဉ်အန္တရာယ်ကင်းရှင်းရေး ပညာပေးလုပ်ငန်းများလုပ်နေပါကြောင်း၊ ယခု ယာဉ်ထိန်းရဲတပ်ဖွဲ့ကြီးသည် ခေတ်မီတိုးတက်တောင့်တင်းသည့် ရဲတပ်ဖွဲ့ကြီး ဖြစ်လာပါကြောင်း၊ ယခုအချိန်တွင် မိမိတို့နိုင်ငံသည် ဒီမိုကရေစီလူထုအစိုးရလက်ထက်ရောက်ပြီ ဖြစ်သည့်အတွက် ဝန်ထမ်းပြည်သူများ၏စွမ်းဆောင်ရည်များကို ပိုမိုတောက်ပြောင်လာစေရန် အထူးအလေးထားပျိုးထောင်ပေးနေသကဲ့သို့ ဝန်ထမ်းများ၏လိုအပ်ချက်များကိုလည်း အလေးထားဆောင်ရွက်ပေးနေသည်ကိုတွေ့ရပါကြောင်း၊ ဝန်ထမ်းအိမ်ရာများ၊ ပင်စင်စားများအတွက် အိမ်ရာများနှင့် ယခုဆိုလျှင် ဝန်ထမ်းနောင်ရေးဘဝစိတ်အေးရအောင် ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေထူထောင်မှုဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်တွင် အစီရင်ခံစာတင်သွင်းပြီး ဝန်ထမ်းများအတွက် ဆောင်ရွက်ပေး တော့မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်အစိုးရ၏ ပြည်သူလူထုနှင့် ဝန်ထမ်းများအတွက် ယခုလိုကောင်းမွန်သည့် လုပ်ဆောင်ချက်များတွင် မိမိ၏ မဲဆန္ဒနယ်မြေယာဉ်ထိန်းရဲစခန်းမှ ပြန်လည်၍ ယာဉ်ထိန်းရဲလိုင်းခန်းတည်ဆောက်ရေးနှင့် မြို့မရဲစခန်းလိုင်းခန်းများတည်ဆောက်ရေးကို မိမိတင်ပြမေးသည့်အခါတွင် ၂၀၂၀-၂၀၂၁ ခုနှစ်တွင်လျာထားတင်ပြ လာသည့်အတွက် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိဆိုသည်ထက် ဘတ်ဂျက်ခွင့်ပြုချက်ရသည်နှင့် အမြန်ဆုံး၊ အစောဆုံး တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် မြေနေရာအပုပ်ခံ၍ ယာဉ်ထိန်းရဲဝင်းထဲတွင် ထားရှိသည့် လုပ်ငန်းသုံး မော်တော်ယာဉ်ပျက်များကို အကျိုးရှိအောင် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။