(ခ)-နိုင်ငံတော်အစိုးရမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကို အရေးယူ ဆောင်ရွက်ရာတွင်လွယ်ကူချော့မွေ့လျင်မြန်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်(Digital Payment System)ဖြင့် ပြောင်းလဲဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

လက်ရှိအခြေအနေအရမိမိတို့နိုင်ငံတွင် မော်တော်ဆိုင်ကယ်နှင့်မော်တော်ကားအသုံးပြုမှုနှုန်းထားများ တဖြည်းဖြည်းတိုးတက်များပြားလာပြီဖြစ်ပါကြောင်း၊ ထိုနည်းတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်သည့်ယာဉ်များ၊ မှုခင်းဖြစ်ပွားသည့်ယာဉ်များလည်း နေ့စဉ်နှင့်အမျှ မြင်တွေ့ကြားသိနေရပါကြောင်း၊ မြို့ကြီးများတွင် နေ့စဉ်ရာဂဏန်း၊ ထောင်ဂဏန်းအဆင့်အထိရှိနေတတ်ပါကြောင်း၊ နိုင်ငံတော်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့်ယာဉ်များကို နည်းပညာမြင့် ကင်မရာဖြင့်ရိုက်ကူးကာ ဗဟိုထိန်းချုပ်ရေးစင်တာ Traffic Control Center မှ မှတ်တမ်းတင်အရေးယူရန် ဆောင်ရွက်စီစဉ်နေသည်ကို သိရှိရပါကြောင်း၊ မော်တော်ယာဉ်နှင့် ပတ်သက်၍ Online ဖြင့်ချိတ်ဆက်ပြီး ယာဉ်သက်တမ်းတိုးမြှင့်ခြင်း၊ ယာဉ်မောင်းလိုင်စင်လျှောက်ထားခြင်း စသည့်ကိစ္စများကို လွယ်ကူလျင်မြန်အောင် စတင်ဆောင်ရွက်နေသည် ကို တွေ့ရှိရပါကြောင်း၊ အဓိက ဆောင်ရွက်သင့်သည့်လုပ်ငန်းမှာ ဒဏ်ကြေးဆောင်သည့်စနစ်၊ Digital Payment System စနစ်နှင့် အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ်နေသည် ဖြစ်ပါကြောင်း၊ နေ့စဉ်များပြားလှသည့် ယာဉ်စည်းကမ်းဖောက်ဖျက်သည့်ယာဉ်များကို အမှုစွဲတင်သည့်နေရာတွင် နှစ်ဦးနှစ်ဖက်ပွင့်လင်းမြင်သာမှု၊ လွယ်ကူလျင်မြန်ချောမွေ့မှုရှိစေရေးအတွက် ၎င်းစနစ်သည် အထောက်အပံ့များစွာပေးနိုင်မည်ဖြစ်ပါကြောင်း၊ တစ်ဖက်တစ်လမ်းမှလည်း အကျင့်ပျက်ခြစားမှုများကို အကာအကွယ်ပြုပေးနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်သည့်ယာဉ်များကို အရေးယူဆောင်ရွက်ရာတွင် နိုင်ငံတော်မှ မလွဲမသွေ ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အောက်ပါမေးခွန်းကိုမေးမြန်းရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ဖောက်ဖျက်သည့်ယာဉ်များကို အရေးယူဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့လျင်မြန်စေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်(Digital Payment System)ဖြင့် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်ကာလတွင် အပြီးသတ်ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။