(င)-Third Party များ၏ ဖွဲ့စည်းပုံတာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် မည်သည့်မူဝါဒ၊ လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်နေသည်ကိုသိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

လက်ရှိပြည်သူ့အစိုးရလက်ထက် လေးနှစ်ကျော်ကာလအတွင်းတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက်ရည်ရွယ်ပြီး လမ်း၊ တံတား၊ အဆောက်အဦ စသည့်လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် မီးလင်းရေးလုပ်ငန်းများ နိုင်ငံတစ်ဝန်းလုံးတွင်အကောင်အထည်ဖော်ပေးနေသည်မှာအားလုံးအသိဖြစ်ပါကြောင်း၊နှစ်စဉ်နိုင်ငံတော်ဘဏ္ဍာငွေ၏၈၀ရာခိုင်နှုန်းကိုတည်ဆောက်ရေးလုပ်ငန်းများတွင်အသုံးပြုနေသည်ဖြစ်၍ ကျေးလက် ဒေသများပါမကျန်အောင် အဘက်ဘက်ကနေ ဖွံ့ဖြိုးတိုးတက်နေပြီဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရန်သလို အရည်အသွေး ပြည့်မီရန် လည်းလိုအပ်ပါကြောင်း၊ အချိန်မီပြီးစီးရန် ဆိုလျှင်ဌာန၊ ကုမ္ပဏီ၊ လုပ်ငန်းအရည်အသွေး စစ်ဆေး သည့် Third Party သုံးဦးသုံးဖလှယ်ကာတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နှင့် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ပညာရေး၊ ကျန်းမာရေးအပါအဝင် လမ်း၊ တံတား၊ အဆောက်အဦစသည့် လုပ်ငန်းများ၊ နိုင်ငံဝန်ထမ်းအိမ်ယာများ ဆောက်လုပ်သည့် လုပ်ငန်းများတွင် ပြင်ပမှ အရည်အသွေး စစ်ဆေးသည့် Third Party များကို နှစ်ရာခိုင်နှုန်း ပေးချေပြီး တင်ဒါစနစ်ဖြင့် ငှားရမ်း အသုံးပြု နေသည်ကို တွေ့ရှိရပါကြောင်း၊သို့သော် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်နေသည့် လုပ်ငန်းများတွင် ပြင်ပမှ Third Party များကို ငှားရမ်းအသုံးပြုခြင်းမရှိဘဲ ဝန်ထမ်းများနှင့် ဖွဲ့စည်းထားသည့် Third Party အဖွဲ့ကို ၁.၂ ရာခိုင်နှုန်းပေးချေပြီး ငှားရမ်းဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ မည်သည့်အဖွဲ့အစည်းကစစ်ဆေးနေသည်ဖြစ်ပါစေ Third Party များ၏တာဝန်ယူမှု၊ တာဝန်ခံမှုကသာ အရေးအကြီးဆုံးဖြစ်ပါကြောင်း၊ အချို့သော နိုင်ငံများတွင်အဆောက်အဦဖြစ်စေ၊ လမ်းဖြစ်စေသတ်မှတ်ချိန်မတိုင်မီ ပျက်စီးဆုံးရှုံးမှုရှိပါက တာဝန်ယူဆောက်လုပသည့် ကုမ္ပဏီအပြင် အရည်အသွေးစစ်ဆေးသည့် Third Party ကပါ အစိတ် အပိုင်းတစ်ခုအနေဖြင့် ‌ပေးလျော်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်မိမိတို့နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံ အနေဖြင့် အရည်အသွေးပြည့်မီသည့်လုပ်ငန်းများ ရရှိရန် တာဝန်ယူ ဆောက်လုပ်သည့် ကုမ္ပဏီ အပြင် Third Party များကပါ တာဝန်ယူမှု၊ တာဝန်ခံမှုအနေဖြင့် ပျက်စီးဆုံးရှုံး သွားသည့် လုပ်ငန်း များအပေါ်တွင် ရာကိန်းနှုန်းတစ်ခုအနေဖြင့်ပေးလျော်သင့်ပါကြောင်း၊ထို့အပြင်အနည်းဆုံးအမည် ပျက် စာရင်း Blacklist ထည့်ပြီး အများပြည်သူသိအောင် ကြေညာရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ Third Party များ၏ ဖွဲ့စည်းပုံ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် မည်သည့်မူဝါဒ၊ လမ်းညွှန်ချက်များဖြင့် ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။