(စ)-ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စုတို့ကို ဆက်သွယ် ထားသော ပင်ဖြစ်-တောင်ချွန်လမ်း ၁၁ မိုင်ကို အမာခံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ်ရှိ/မရှိကိုသိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စု ဆက်သွယ်သွားလာသော ပင်ဖြစ်-တောင်ချွန်လမ်းသည် ၁၁ မိုင်ရှိပြီး ၂၀၀၄-၂၀၀၅ ခုနှစ်မှစတင်၍ ၂၀၁၀ ခုနှစ်အထိ မြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်အလိုက် ကျောက်ကြမ်းလမ်း ငါးမိုင်ခန့်ဆောင်ရွက် ခဲ့သော်လည်း အဆိုပါလမ်းသည် ယခုအချိန်တွင်လုံးဝပျက်စီးယိုယွင်းနေပြီး မိုးတွင်းကာလများတွင် သွားလာရန်ခက်ခဲလျက်ရှိနေပါကြောင်း၊ အဆိုပါလမ်းကို နှစ်စဉ်ပြုပြင်အသုံးပြု၍ သွားလာသောကျေးရွာခြောက်ရွာမှာ ပင်ဖြစ်-လှည်းတိုး-ဗမာတိုး-ပုန်းရွာ-တောင်ချွန်-ပင်စိမ်းပင် ကျေးရွာများဖြစ်ပြီး အိမ်ထောင်စု ၁,၈၂၃ စု၊ အိမ်ခြေ ၂,၃၄၂ အိမ်၊ လူဦးရေ ၁၀,၀၈၄ ဦးရှိပြီး လယ်ယာ စိုက်ဧက ၂,၀၅၆ ဧကတွင် စပါး၊ ပြောင်း၊ ပဲ၊ သရက်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိပါကြောင်း၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်‌သော အဓိကလမ်းဖြစ်သော ကြောင့် အမာခံလမ်းကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိ နေပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင်ကျေးရွာအုပ်စုနှင့် မြင်တောင်ကျေးရွာအုပ်စုဆက်သွယ်သွားလာသော ပင်ဖြစ်-လှည်းတိုး-ဗမာတိုး-ပုန်းရွာ-တောင်ချွန်-ပင်စိမ်းပင် လမ်း ၁၁ မိုင်ကို အမာခံကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။