(ည)-ပခုက္ကူမြို့နယ်၊ မန်ကျည်းပင်ပုကျေးရွာတွင် ကျေးလက်လမ်းကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မန်ကျည်းပင်ပုကျေးရွာသည် ပခုက္ကူမြို့နယ်နှင့် ရေစကြိုမြို့နယ်အဆုံးစသည့်မြို့နယ်အဆုံးနှစ်ခုတွင်ရှိပြီး ပခုက္ကူမြို့မှခြောက်မိုင်ခန့်ကွာဝေးပါကြောင်း၊ လူဦးရေအားဖြင့် ၁,၀၀၀ ခန့်၊ အိမ်ထောင်စု ၁၂၆ စုနှင့် မှီခိုကျေးရွာ အုပ်စုနှစ်စုရှိပြီး ကျေးရွာရှစ်ရွာ ရှိပါကြောင်း၊ မန်ကျည်း ပင်ပုအုပ်စုတွင် နှောကုန်းကျေးရွာ၊ ဒေါင်းစာကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ဆိပ်ကမ်းသာ ကျေးရွာ၊ မန်ကျည်းပင်ပု‌ ကျေးရွာ၊ နယ်ဒဲကျေးရွာနှင့် ကြွေးအိုကျေးရွာများဖြစ်ပါကြောင်း၊ တစ်ဆက်တည်း မှာပင် ကူးလူးဆက်ဆံသည့် နတ်ကျင်းကျေးရွာ၊ ကင်မွန်းခါး ကျေးရွာ၊ ရွှေဒါးကျေးရွာ အုပ်စုများနှင့် ရေစကြိုမြို့နယ်အစွန်က ဇရာမအုပ်စုနှင့် ညောင်ပင်သာ ကျေးရွာများကလည်း ကူးလူး ဆက်ဆံ နေကြပါကြောင်း၊

အဆိုပါ ကျေးရွာ ၁၁ ရွာ၊ လူဦးရေ ၅,၅၀၀ ခန့်ရှိ ကျန်းမာရေးဌာနခွဲအနေဖြင့် ဖွင့်လှစ်ပေး မည်ဆိုပါက လူဦးရေ ၅,၅၀၀ ကျော်ကို စောင့်ရှောက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ကျေးရွာ အနေနှင့် အထက်တန်း ကျောင်းရှိပါကြောင်း၊ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်၏ အောက်နားတွင် ရှိပါကြောင်း၊ ကျေးရွာ ဆေးပေးခန်းရရှိရန် အလှူရှင်သည် မြေနေရာလည်း လှူဒါန်းထားပြီး ဖြစ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က စတင်၍ ကျေးလက်ကျန်းမာရေးဌာနခွဲ ရရှိရန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို တင်ပြထားပြီးဖြစ်ပါကြောင်း၊ မန်ကျည်းပင်ပုကျေးရွာအုပ်စု ကျေးလက် ကျန်းမာရေးဌာနခွဲ ရရှိရန် အလှူရှင်ဒေါ်တင်မီးက မြေနေရာသာမက ကျေးလက်ဆေးပေးခန်း ၂၄ ပေပတ်လည်အမြင့် ၁၂ ပေ အုတ်နံရံနှင့် သမံတလင်းကာပြီး မျက်နှာကျက်နှင့် အဆောက်အဦလည်း ဆောက်ထားပေးပြီးဖြစ်သည့်အပြင် ခြံစည်းရိုးနယ်မြေလည်းကာထားပေးပြီးဖြစ်ပါကြောင်း၊ ကျေးရွာ ပြည်သူများအနေဖြင့် မြေနေရာ၊ အဆောက်အဦနှင့်၊ ရေတွင်းကိုပါ ဆောက်လုပ် လှူဒါန်းထားပြီး ဖြစ်သည့်အပြင် စတင်လျှောက်ထားသည့် ၂၀၁၇ ခုနှစ် မတ်လကနေ စတင်မည်ဆိုပါက သုံးနှစ်ကြာပြီ ဖြစ်သည့်အတွက် ပခုက္ကူမြို့နယ်၊ မန်ကျည်းပင်ပု ကျေးရွာတွင် ကျေးလက်လမ်းကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်သိရှိလိုပါကြောင်း မေးမြန်းပါသည်။