(ခ)-အုန်းဇုန်းကျေးရွာအုပ်စုနှင့်ချောင်းကြီးကျေးရွာအုပ်စုနှစ်ခု၏အုပ်စုခြားနယ်နိမိတ်သတ်မှတ်ပေးရန်နှင့်သပိတ်ကျင်းမြို့နယ်နှင့်စဉ့်ကူးမြို့နယ်နှစ်ခုကြားတိကျသော မြို့နယ် ခြား နယ်နိမိတ်သတ်မှတ်ပေးရန်ကိစ္စအား သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
သပိတ်ကျင်းမြို့နယ်အတွင်း အုန်းဇုန်းကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုနှစ်ခု၏ အုပ်စုခြား နယ်နိမိတ်သတ်မှတ်ပေးရန်နှင့် သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ် နှစ်ခုကြားတိကျသော မြို့နယ်ခြား နယ်နိမိတ်သတ်မှတ်ပေးရန်ကိစ္စအား သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာသည် ယခင်က အုန်းဇုန်းကျေးရွာအုပ်စုအတွင်း ပါဝင်ခဲ့သော ကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ချောင်းကြီးကျေးရွာအုပ်စုအဖြစ် သီးခြားဖြစ်တည်လာပြီး ချောင်းကြီးရွာ၊ ကျောက်ဖြူရွာ၊ ရေထွက်ရွာတို့ဖြင့် ဖွဲ့စည်းထားပါကြောင်း သို့သော်လည်း အုန်းဇုန်းကျေးရွာအုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုနှစ်ခုအကြား တိကျသော အုပ်စုခြားနယ်နိမိတ် ယနေ့တိုင်မရှိသေး၍ ထိစပ်လျက် ရှိသောနယ်မြေများတွင် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ဖြေရှင်းဆောင်ရွက်ရန် ခက်ခဲခြင်း၊ ရွှေသတ္တုတူးဖော်ထုတ်လုပ်မှု လုပ်ကိုင်ခွင့် လျှောက်ထားရာတွင်လည်း အုပ်စုထောက်ခံချက်များရယူရန် အခက်အခဲများကြုံတွေ့ လာနိုင်ပါကြောင်း၊
ချောင်းကြီးကျေးရွာအုပ်စု နယ်နိမိတ်အတွင်းပါဝင်ပြီး သပိတ်ကျင်းမြို့နယ်တောင်ဘက် အစွန်ဆုံးကျေးရွာလေးတစ်ရွာဖြစ်သည့် ဇိုက်ချောင်းကျေးရွာသည် အစောပိုင်းကာလများကပင်ရွာအဖြစ် တည်ရှိနေပြီးသားဖြစ်ပါကြောင်း၊ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လတွင် သပိတ်ကျင်းမြို့နယ်၊ ဌာနဆိုင်ရာ ကွင်းဆင်းအဖွဲ့မှ ကျေးရွာမြေတိုင်းတာပြီး တရားဝင်ပြန်တမ်းဝင်ကျေးရွာရရှိရေး အမှုတွဲတင်ပြထားပြီးဖြစ်ပါကြောင်း၊ ထိုသို့ကွင်းဆင်းတိုင်းတာခဲ့စဉ် ဇိုက်ချောင်းကျေးရွာနှင့် တစ်မိုင်ခန့်အကွာရှိ ထိုအချိန်က ဇိုက်ချောင်းကျေးရွာ၏အုပ်ချုပ်မှုအောက်တွင်ရှိသည့် ထောက်ကြံ့ပင်ကွက်ရပ်ကို ကွင်းဆင်းတိုင်းတာခဲ့ခြင်းမရှိခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ် မတ်လတွင် သပိတ်ကျင်းမြို့နယ်နှင့် စဉ့်ကူးမြို့နယ်နှစ်မြို့နယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် နှစ်ဖက်ကွင်းဆင်းရေးအဖွဲ့မှ မြေပြင်အနေအထားကို ကွင်းဆင်းစစ်ဆေးကာ ထောက်ကြံ့ပင် ကွက်ရပ်အား စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးအုပ်စုသို့ လွှဲပြောင်းပေးထားခဲ့ပါကြောင်း၊ ထိုသို့ လွှဲပြောင်းစဉ် ထောက်ကြံ့ပင်ရွာမြောက်ဘက်ရှိ ထောက်ကြံ့ပင်မူလတန်းကျောင်းသည် စဉ့်ကူးမြို့နယ်အတွင်းသို့ပါဝင်ခြင်း မရှိခဲ့သောကြောင့် ၂၀၁၉ ခုနှစ် ဩဂုတ်လကျမှ စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံး ၏စီမံကွပ်ကဲမှု အောက်သို့ ထပ်မံလွှဲပြောင်းပေးခဲ့ပါကြောင်း၊
ထိုသို့အဆင့်ဆင့်လွှဲပြောင်းပေးခဲ့သော်လည်း ယခင် မြို့နယ်နှစ်ခုအား ပိုင်းခြား သတ်မှတ်ထားသည့် နယ်ခြားမှတ်တိုင်အား ရွှေ့ပြောင်းစိုက်ထူ၍ မြို့နယ် နှစ်ခု၏ဧရိယာအား တိကျစွာပိုင်းခြား သတ်မှတ်ပေးခြင်းမရှိခဲ့ပါကြောင်း၊ ရံဖန်ရံခါ စဉ့်ကူးမြို့နယ်၊ ကန်တောင်ကျေးရွာ အုပ်ချုပ်ရေးပိုင်းမှ ဇိုက်ချောင်းအိမ်ထောင်စုဝင်များအား လာရောက်စာရင်း ကောက်ယူခြင်း၊ ထောက်ကြံ့မြေ ကျေးရွာရှိ သာရေး၊ နာရေးကိစ္စရပ်များအား တာဝန်ခွဲဝေချထားခြင်း၊ အစည်းအဝေးများ ဆင့်ခေါ် တက်ရောက်စေခြင်းတို့ကို ကြားသိရသည့်အပြင် လာမည့်ရွေးကောက်ပွဲအတွက် အခြေခံလူဦးရေစာရင်း၊ မဲစာရင်းများကောက်ယူရာတွင် ကျေးရွာနှစ်ရွာကြား သဘောထား ကွဲလွဲမှုရှိပြီး မဲစာရင်းများ ထပ်နေခြင်း၊ မဲစာရင်းများကျန်ခဲ့ခြင်းများ ဖြစ်ပေါ်လာနိုင်ပါကြောင်း၊ ထို့အတွက်ကြောင့် မလိုလား အပ်သောပြဿနာများမဖြစ်ပေါ်စေရေးအတွက် တိကျသည့် မြို့နယ်ခြား နယ်နိမိတ်မှတ်တိုင်ကို အမြန်ဆုံးကွင်းဆင်းသတ်မှတ်ပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် (၁)အုန်းဇုန်း ကျေးရွာ အုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စုနှစ်ခုအကြား တိကျသော အုပ်စုခြား နယ်နိမိတ်သတ်မှတ် ပေးပါရန်၊ (၂) ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းကြီးကျေးရွာ၏ တရားဝင် ပြန်တမ်းဝင်ကျေးရွာ နယ်နိမိတ်အတိုင်း ဧရိယာနယ်နိမိတ်မှတ်တိုင်များသတ်မှတ်စိုက်ထူပေးပါရန် နှင့် (၃) သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ဇိုက်ချောင်းကျေးရွာနှင့် စဉ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုး ကျေးရွာအုပ်စု၊ ထောက်ကြံ့မြေကျေးရွာတို့အား နယ်နိမိတ်ပိုင်းခြားထားသည့် တိကျသော မြို့နယ်ခြား နယ်နိမိတ် သတ်မှတ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။