(က)-လက်ပံတန်းမြို့နယ်၊ မကျီးကွင်းကျေးရွာအုပ်စုပိုင် စားကျက်မြေ ၁၆၃.၆၂ ဧက စားကျက်မြေ အားလုံးကို တည်ဆဲဥပဒေများနှင့်ညီညွတ်ခြင်းမရှိဘဲ ပယ်ဖျက်ခဲ့သည့်အတွက် မည်သို့ပြန်လည် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မကျီးကွင်းစားကျက်မြေမှာ ၁၆၃.၆၂ ဧကကျယ်ဝန်းပြီး ရန်ကုန် - ပြည်လမ်းဘေး ဂရံစံပြကျေးရွာနှင့် ဂွေးတောက်ကွင်းကျေးရွာကြားတွင်ရှိပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် တည်ဆဲဥပဒေများနှင့်အညီ ညီညွတ်ခြင်းမရှိဘဲ စားကျက်မြေအားလုံးကို ပယ်ဖျက်ပြီး မဏိကမ္ဘာကုမ္ပဏီကို လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း၊ ထိုကိစ္စကို ဒေသခံတောင်သူများက မကျေနပ်ကြ၍ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးတွင် နှစ်ကြိမ်တိုင်တိုင်ကန့်ကွက်ပြီး မူလအတိုင်းပြန်ထားရန်မေးမြန်းခဲ့သော်လည်း မအောင်မြင်ခဲ့ပါကြောင်း၊

ကျွဲ၊ နွားများ၏ အစာရေစာအတွက် လွှတ်ကျောင်းရန် စားကျက်မြေများကို ကာကွယ်ပေးထားသည့် ဥပဒေများရှိပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၃)၊ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေများမှာ ပါဝင်ပါကြောင်း၊ ၁၈၇၆ ခုနှစ်၊ မြန်မာနိုင်ငံတော်အောက်ပိုင်း မြေယာနှင့်အခွန်‌တော် လက်စွဲဥပဒေ၊ ၁၉၁၁ ခုနှစ်၊ မြန်မာနိုင်ငံတော်အထက်ပိုင်း မြေယာနှင့်အခွန်တော် လက်စွဲဥပဒေများမှာ စားကျက်မြေများကို ကာကွယ်ပေးထားသည့်ဥပဒေများ ရှိပါကြောင်း၊ ယနေ့အထိ တည်ဆဲဥပဒေများဖြစ်ပါကြောင်း၊ စားကျက်မြေများကို ပယ်နှုတ်ခြင်းများ၊ ပယ်ဖျက်ခြင်းများကို ဆောင်ရွက်မည်ဆိုလျှင် ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့အဆင့်ဆင့်တာဝန်နှင့် လုပ်ပိုင်ခွင့်ဥပဒေတွင် ပါရှိသည့်အချက်(၆)ချက်နှင့် ကိုက်ညီမှုရှိ/မရှိကို အဖွဲ့ဖွဲ့ပြီးစိစစ်ရပါကြောင်း၊ အချက်(၆)ချက်နှင့် ကိုက်ညီမှ ပယ်နုတ်ရပါကြောင်း၊ ထိုသို့ ပယ်နုတ်ခွင့်ပေးခြင်းသည် ၁၉၇၃ ခုနှစ် မေလမတိုင်မီက တစ်စိတ်တစ်ပိုင်း စားကျက်ကျူး တောင်သူများအတွက် စဉ်းစားပေးခြင်း ဖြစ်ပါကြောင်း၊ ၁၉၇၃ ခုနှစ် မေလနောက်ပိုင်တွင် စားကျက်ကျူး တောင်သူများအတွက် မည်သည့် အကြောင်းပြချက်မျှ ပယ်ဖျက်ခွင့် မပြုပါကြောင်း၊ ယခုလို စားကျက်မြေအားလုံးကို ပယ်ဖျက်ပေးခြင်းမျိုး မဟုတ်ဘဲ တစ်စိတ်တစ်ဒေသကိုသာ ပယ်နုတ်ပေးရခြင်း ဖြစ်ပါကြောင်း၊ မကျီးကွင်း စားကျက်မြေအားလုံးကို ပယ်ဖျက်ပြီး ယခုလိုကုမ္ပဏီကို လွှဲပြောင်းပေးသည့်ကိစ္စနှင့် စပ်လျဉ်းပြီး ဒေသခံများက ယခင်အစိုးရလက်ထက်တွင် မူလအတိုင်းပြန်ထားပေးရန် ကြိုးစား‌သော်လည်း မအောင်မြင်သည့်အပေါ် ယခုအစိုးရလက်ထက်တွင် တစ်ဖန် ပြန်ပြီးကြိုးစားကြခြင်း ဖြစ်ပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တင်ပြပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက တစ်ဆင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီအဆင့်ဆင့်ကို ပြန်လည်စိစစ်တင်ပြရန် တာဝန်ပေးပါကြောင်း၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီက တည်ဆဲဥပဒေများဖြင့် ညီညွတ်ခြင်းရှိ/မရှိ ဥပဒေရှုထောင့်က သုံးသပ်တင်ပြပြီး ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့သောကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ အဆုံးအဖြတ်ကို ခံယူပါမည်ဟု အစီရင်ခံစာမှာဖော်ပြပြီး ပြန်တင်ပေးခဲ့ပါကြောင်း၊ သို့သော် တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီအဖွဲ့က ပယ်ဖျက်ပြီး စားကျက်မြေဖြစ်၍ စီမံခန့်ခွဲရေးနည်းလမ်းဖြင့်သာ ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ပြုခဲ့ပါကြောင်း၊

ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ ဆုံးဖြတ်ချက်အရ ၂၈-၆-၂၀၂၀ ရက်နေ့က တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လက်ပံတန်းမြို့နယ်ခရီးစဉ်တွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ လက်ပံတန်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ကုမ္ပဏီတာဝန်ခံများ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားကျက်မြေကိစ္စ ကို တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ခဲ့ပါကြောင်း၊ ညှိနှိုင်းမှုမပြီးပြတ်၍ ထပ်မံညှိနှိုင်းပြီး အစီရင်ခံစာ ပြန်တင်ရန် ဝန်ကြီးချုပ်မှ မှာကြားခဲ့ပါကြောင်း၊ ၄-၇-၂၀၂၀ ရက်နေ့တွင် ကိုယ်စားလှယ်များနှင့် ကုမ္ပဏီ တာဝန်ခံများ ထပ်မံညှိနှိုင်းဆွေးနွေးကြပါကြောင်း၊ ညှိနှိုင်းမှုအရ နှစ်ဦးနှစ်ဖက် သဘောတူညီမှု ရရှိခဲ့ ပါကြောင်း၊ ကုမ္ပဏီဘက်က ဒေသခံများ၏အကျိုးအတွက် ၎င်းတို့ရရှိခဲ့သည့်မြေဧက ၉၁.၅၅ ဧက အနက် ၅၁.၅၅ ဧကကို တိုင်းဒေသကြီးအစိုးရ၏စီမံခန့်ခွဲမှုဖြင့် ဒေသအကျိုးစီးပွားအတွက် ပြန်လည်စွန့်လွှတ်ခဲ့ပါကြောင်း၊ ယခုဖော်ပြထားသည့်ပုံမှာ မိမိတို့အားလုံး သဘောတူညီပြီး လက်မှတ်ရေးထိုးစဉ် ဝန်ကြီးချုပ်ကို ပြန်လည်တင်ပြသည့်စာနှင့် ကုမ္ပဏီနှင့်ကိုယ်စားလှယ်များ သဘောတူညီ ကြောင်း လက်မှတ်ရေးထိုးပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပြန်လည်တင်ပြထားသည့်စာ ဖြစ်ပါကြောင်း၊ မကျီးကွင်းစားကျက်မြေနှင့်စပ်လျဉ်းပြီး ယခင်အစိုးရလက်ထက်တွင် ဖြေရှင်းခဲ့ခြင်း မပြီးပြတ်ခဲ့သည့်အပေါ် အစိုးရနှင့်လွှတ်တော်ကိုယ်စားလှယ်များ ပေါင်းစပ်ပြီး ဒေသအကျိုးအတွက် ယခုလို အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုဝန်ကြီးဌာနများက ၎င်းကိစ္စအပေါ် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် လက်ပံတန်းမြို့နယ်၊ မကျီးကွင်း ကျေးရွာအုပ်စုပိုင် စား‌ကျက်မြေအားလုံးကို တည်ဆဲဥပဒေများဖြင့် ညီညွတ်ခြင်းမရှိဘဲ ပယ်ဖျက် ခဲ့သည့်အပေါ် ဒေသခံများ၏အကျိုးအတွက် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။