(င) - အထည်အလိပ်နည်းပညာကျောင်းများကို တက္ကသိုလ်အဆင့်၊ သိပ္ပံအဆင့်၊ အထက်တန်းကျောင်းနှင့် သင်တန်းကျောင်းများဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

အထည်ချုပ်လုပ်ငန်းကဏ္ဍသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ပို့ကုန်လုပ်ငန်းကဏ္ဍအဖြစ် ကိုယ်စားပြုနေပြီး လွန်ခဲ့တဲ့ငါးနှစ်ကျော်ကာလ အတွင်းတွင် တစ်နှစ်ကို ၂၅ ရာခိုင်နှုန်းဖြင့် တိုးတက် မြင့်မားလာခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် အဆိုပါ လုပ်ငန်းကဏ္ဍအတွက် စုစုပေါင်းပို့ကုန်တန်ဖိုး သည် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံရှိခဲ့ပါကြောင်း၊ အလုပ်သမားငါးသိန်းကျော်ကိုလည်း အလုပ် ပေးထားနိုင်ပါကြောင်း၊ အစိုးရအနေဖြင့် အဆိုပါကဏ္ဍကို ရည်ရွယ်ချက်ကြီးမားသည့် စီမံချက် တစ်ရပ်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန်တန်ဖိုး ၁၀ ဘီလီယံ ရရှိရန်အတွက် ခန့်မှန်းထားပါကြောင်း၊ လုပ်ကိုင်နေပါကြောင်း၊ အစိုးရအနေဖြင့် ထိုလုပ်ငန်းများကို ကူညီပံ့ပိုးပေးရန် အားထုတ်ကြိုးပမ်း လျက်ရှိပြီးမြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်းနှင့်လည်း ကူညီပံ့ပိုးသူအဖွဲ့အစည်းများ မှလည်း အထည်ချုပ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် ပြင်ပမှပံ့ပိုးဆောင်ရွက်မှုများ လုပ်ကိုင်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် အလျင်မြန်ဆုံးတိုးတက်လာသည့် အထည်ချုပ်လုပ်ငန်းမှ အလုပ်သမားအင်အားအများစုသည် လိုအပ်သည့် အရည်အချင်းနှင့်အတွေ့အကြုံများမရှိပါကြောင်း၊ အလားတူအလယ်အလတ်စီမံခန့်ခွဲရေးစွမ်းရည်များလည်း အားနည်းနေပါသဖြင့် နိုင်ငံခြားမှ ဝန်ထမ်း များခန့်အပ်ဆောင်ရွက်နေရပါကြောင်း၊အများစုသည် တရုတ်နိုင်ငံနှင့် သီရိလင်္ကာနိုင်ငံသားများကို ခန့်အပ်ထားပါကြောင်း၊ လစာအနေဖြင့် ဒေါ်လာ ၂,၀၀၀ မှ ၄,၀၀၀ အထိပေးနေရပါကြောင်း၊ ၎င်းကဏ္ဍတွင် အလုပ်သမားအင်အား       ၁၀ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းလောက်အထိ စွမ်းရည်ရှိရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ကျွမ်းကျင်မှုရာခိုင်နှုန်းသည် တခြားအပြိုင်ဈေးကွက် များနှင့်ယှဉ်လျှင် အများကြီးနိမ့်ကျနေပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံတွင်ကျွမ်းကျင်မှု ၄၉ ရာခိုင်နှုန်း ရှိပါကြောင်း၊  ထို့ကြောင့် ဘွဲ့ရ အထည်ချုပ်နည်းပညာရှင်များအတွက် အင်္ဂလိပ်စာ၊ စက်မှု(သင်္ချာ)၊ စက်မှု(ရူပေဗေဒ)၊ လျှပ်စစ်၊ ချည်မျှင်နှင့်အထည်အလိပ်၊ ဒီဇိုင်း၊ အထည်ချုပ်နည်းပညာ၊ ရောင်းဝယ် ရေး၊ ပို့ကုန်ပို့ဆောင်ရေး၊ စီမံခန့်ခွဲမှု စသည့်သင်ရိုးများပါဝင်သည့် တက္ကသိုလ်အဆင့်၊ သိပ္ပံအဆင့် ကျောင်းများ၊ အထည်ချုပ်ကျွမ်းကျင်သူအဆင့်မွေးထုတ်ပေးနိုင်သည့် အထက်တန်းကျောင်းများ၊ စက်ချုပ်သူ၊ အထည်ဖြတ် စသည်ဖြင့် မွေးထုတ်ပေးနိုင်သည့်သင်တန်းကျောင်းများ ဖွင့်လှစ် သွားရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။