(ဈ)-မူဆယ်မြို့နယ်အတွင်းရှိ မူဆယ်၊ ဖိုင်ကျောင်းကျေးရွာနှင့် မန့်ဟျိုး(မန့်ဟီးရိုး)မြို့၊ နောင်ဟင် ကျေးရွာတို့အား ဆက်သွယ်ပေးမည့် ရွှေလီမြစ်ကူး တံတားတစ်စင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-05

မိမိမေးခွန်းတွင်ပါသည့် မြို့အမည်မန့်ဟျိုး(မန့်ဟီးရိုး)မြို့ကို ခေါ်ဆိုရ အဆင်ပြေစေရန် မူလမြို့အမည်ဖြစ်သည့် မန့်ဟီးရိုးမြို့ ဆိုသည့် အခေါ်ဖြင့်သုံးနှုန်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်တွင် မူဆယ်မြို့၊ မိုးကုတ်မြို့၊ ပါဆိုင်း(ဂျူဂို)မြို၊ မန့်ဟီးရိုးမြို့ဟူ၍ မြို့လေးမြို့ ရှိပါကြောင်း၊ ၎င်းမြို့ လေးမြို့လုံးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့၏ နယ်နိမိတ်မျဉ်းကြောင်းနှင့် ထိစပ်လျက်ရှိသည့် မြို့များ ဖြစ်ကြပါကြောင်း၊ ဖော်ပြပါ မြို့လေးမြို့နှင့် မန့်ဟီးရိုးမြို့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် နယ်နိမိတ် ထိစပ်မှုမိုင် ၁၃ မိုင် ရှိပါကြောင်း၊

မူဆယ်မြို့သည် ခရိုင်ရုံး၊ မြို့နယ်ရုံးများ ရုံးစိုက်ရာ မြို့ဖြစ်ပြီး မိုးကုတ်မြို့၊ ပါဆိုင်း(ဂျူဂို) မြို့များနှင့် ဆက်သွယ်သွားလာရာတွင် ကုန်းတွင်းပိုင်း ဖြစ်သည့်အတွက် ကားလမ်းများနှင့် ဆက်သွယ်သွားလာ နေကြသော်လည်း မန့်ဟီးရိုးမြို့နှင့် ဆက်သွယ် သွားလာရာတွင် ရွှေလီမြစ် ခြားထားသည့် အတွက် မန့်ဟီးရိုး မြို့စည်ပင်သာယာရေးဌာန၏ အရပ်ရပ် အခွင့်အရေး လုပ်ငန်း လိုင်စင်ဖြင့် လုပ်ကိုင်ခွင့်ပြုထားသည့် အောက်ဖော်ပြပါ ကူးတို့ဆိပ်များမှ တစ်ဆင့်ဆက်သွယ် သွားလာကြရပါကြောင်း၊ အထက်ဖော်ပြပါ ကူးတို့ဆိပ်လေးခုနှင့် ဖန်ကျောင်းကျေးရွာနှင့်နောင်ဟင်ကျေးရွာကူးတို့ဆိပ်တို့သည် လူ၊ယာဉ် ဖြတ်သန်းသွားလာမှုအများဆုံး ကျေးရွာ ကူးတို့ဆိပ် ဖြစ်ပြီး ကူးတို့ဆိပ်များ၏ မြစ်ကမ်းနှစ်ဖက် အကွာအဝေးသည် ၃၀၀ ပေခန့်ရှိသည်ကို သိရှိရပါကြောင်း၊ မြစ်ကမ်းတစ်ဖက်မှ တစ်ဖက်သို့ တစ်ကြိမ် ဖြတ်ကူးလှေစီးခ နှုန်းထားသည် ၁၂ ဘီး ကုန်တင်ယာဉ် တစ်စီး ၅၀၀ ယွမ်ဆိုသည့် နှုန်းကို ယနေ့ရှိသည့် တရုတ် မြန်မာ ငွေလဲနှုန်းဖြင့် တွက်မည်ဆိုပါက မြန်မာငွေကျပ် ၉၆,၆၁၈ ကျသင့်မည် ဖြစ်ပါကြောင်း၊

ဖန်ကျောင်း၊ နောင်ဟင် ကူးတို့ဆိပ်မှတစ်ဆင့်မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် မန့်ဟီးရိုးမြို့နယ်မန့်ဟီးရိုးမြို့နေပြည်သူများသည် စီးပွားရေး၊ လူမှုရေးကိစ္စများအပြင်ဒေသထွက်စိုက်ပျိုးရေးကုန်စည်များရောင်းဝယ်ရန်အတွက်ရှေးယခင်ကာလများထက်ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်၊ လူဦးရေ ပိုမိုများပြားလာသည်ကိုတွေ့ရှိရပါကြောင်း၊ နယ်စပ်ဒေသများ၊ ကမ်းရိုးတန်းဒေသများနှင့် အုပ်ချုပ်မှု အလှမ်းကွာဝေးသည့်ဒေသများတွင်တရားဥပဒေ လေးစားစောင့်ထိန်းမှု အခြေခံသည့် ခိုင်မာသည့် အုပ်ချုပ်ရေးထူထောင်နိုင်ရန်နှင့် စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန် ရည်ရွယ်ချက်များဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၀၂ ခုနှစ်မှ စတင်ပြီး အမိန့်ကြော်ငြာစာများ ထုတ်ပြန်ဖွဲ့စည်းခဲ့သည့် မြို့နယ်ခွဲ ၈၄ ခုနှင့် မန့်ဟီးရိုးမြို့နယ်ခွဲသည် တစ်မြို့အပါအဝင် ဖြစ်ပါကြောင်း၊ မြို့နယ်ခွဲဆိုသည့် စကားရပ်ကို ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၅၁ ပါ ပြဋ္ဌာန်းချက်နှင့်အညီဖြစ်စေ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၂-၅-၂၀၁၄ ရက်စွဲပါအမိန့် ကြော်ငြာစာ အမှတ် (၆၁၁/၂၀၁၄)ဖြင့် ပယ်ဖျက်ခဲ့ပြီး ဖြစ်ပါကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့နယ်ခွဲဆိုသည့် အမည်ကို ပယ်ဖျက်သည့်အမိန့်ကြော်ငြာစာ၊ မန့်ဟီးရိုးဒေသသည် မြန်မာပြည်ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုအောက်တွင် ၁၉၇၁ ခုနှစ်မှ ၁၉၈၆ ခုနှစ် အထိ ၁၆ နှစ်ကြာ အနက်ရောင် နယ်မြေအဖြစ် တည်ရှိခဲ့ရခြင်းကြောင့်လည်းကောင်း၊ ရွှေလီမြစ်၏ တစ်ဖက်ကမ်းတွင် သီးခြားတည်ရှိသည့် မြို့တစ်မြို့ ဖြစ်နေခြင်း ကြောင့်လည်းကောင်း၊ ၎င်း၏ ပတ်ဝန်းကျင်ရှိ မြို့များနှင့် နှိုင်းယှဉ်ပါက အဘက်ဘက်တွင် နောက်ကျ ကျန်ရစ်ခဲ့သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် နယ်စပ်ဒေသများတွင် တရားဥပဒေ စိုးမိုးရေး၊ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ဒေသ ဖွံ့ဖြိုးတိုးတက်ရေး မြင့်မားလာစေရန်နှင့် ဒေသခံပြည်သူများ၏ ဆန္ဒမျှော်လင့်ချက်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသည့်အနေဖြင့် မူဆယ်မြို့နယ်မှ မန့်ဟီးရိုးမြို့တို့အား ကူးလူး ဆက်သွယ်ပေးမည့် ရွှေလီမြစ်ကူး တံတားတစ်စင်း ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိ  မေးမြန်းပါသည်။