(ည)-တမူးမှမုံရွာထိ ကားလမ်းဆောင်ရွက်ရာတွင် လမ်းချဲ့ခြင်း၊ လမ်းဖြောင့်ခြင်းတို့နှင့် မလွတ်ကင်းသည့်မြေယာများအတွက် မြေယာလျော်ကြေးရရန် ကျန်ရှိနေသူများအတွက် မြန်ဆန်စွာလျော်ကြေးရရှိအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

India-Myanmar-Thailand Trilateral Linked ကို တပ်မတော်အစိုးရနှင့် သမ္မတကြီးဦးသိန်းစိန်အစိုးရ လက်ထက်တို့တွင် စတင်ဆွေးနွေးအကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ အိန္ဒိယကုမ္ပဏီများကလုပ်ငန်း(Site)ထဲအထိ ဝင်ရောက်လာနိုင်ခဲ့ပြီး လမ်းချဲ့ခြင်း၊ မြေသားတာပေါင်တင်ခြင်း၊ တံတားထိုးခြင်းလုပ်ငန်းများလုပ်ကိုင်နိုင်ခဲ့ပါကြောင်း၊ လမ်းချဲ့ခြင်းနှင့် မူလက ကောက်နေသည့်လမ်းများကို ဖြောင့်ခဲ့သည့်အတွက် ဒေသခံတောင်သူများ၏ မြေယာများလမ်းနယ်ထဲတွင် ပါဝင်သွားခဲ့ပြီး အိန္ဒိယမှဘတ်ဂျက်ဖြင့် တောင်သူ ၁၅၈ ဦး၏ လယ်မြေ(၆၇.၂၅)ဧက၊ ယာမြေ (၈၂.၂၄)ဧကတို့အတွက် မြေယာ၊ သီးနှံနှင့် အဆောက်အဦ လျော်ကြေးငွေစုစုပေါင်း ၁,၄၁၆.၄၅ သန်း ပေးလျော်ခဲ့ပြီးဖြစ်သည်ဟုလည်း သိရှိရပါကြောင်း၊ လျော်ကြေးငွေရရှိပြီးသောတောင်သူများအတွက် ဝမ်းမြောက်စရာကောင်းသော်လည်း တောင်သူ ၃၇၆ ဦးအနေဖြင့် လမ်းနယ်မြေထဲကို ၎င်းတို့၏လယ်ယာများ ပါသွားခဲ့သော်လည်း ယခုအချိန်အထိ လျော်ကြေးမရသေးခြင်းကြောင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီကိုတင်ပြခဲ့သည်ဟု လေ့လာသိရှိရပါကြောင်း၊

မြေယာလျော်ကြေးပေးရန် လက်တွေ့ကွင်းဆင်းတိုင်းတာခဲ့ကြသူများ၏ အားနည်းချက် နှင့် Change Point အပြောင်းအလဲတို့ကြောင့် မိမိတို့၏ လယ်ယာများ လမ်းနယ်မြေထဲကို ပါသွားခဲ့သော်လည်း ယခုအချိန်အထိ လျော်ကြေးမရသေးရသည့် တောင်သူအချို့သည် မိမိဆီကိုလာရောက်ပြီး တင်ပြခဲ့သည်များ ရှိပါကြောင်း၊ ထို့ကြောင့် တောင်တွင်းဒေသကို ဖောက်လုပ်သည့် အဆိုပါလမ်းမကြီးသည်ဒေသခံများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ရာတွင် အထောက်အကူမရသော်လည်း ဒေသခံများ၏ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အနှောင့်အယှက်မဖြစ်စေရန် အိန္ဒိယကုမ္ပဏီနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နေသောဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်သတိပြုစေလိုပါကြောင်း၊ ဒေသခံများအနေဖြင့် လမ်း၏အရှေ့ဘက် ရေထွက်မှလမ်းကိုဖြတ်ပြီး မြောင်းနှင့် ရေသွယ်ယူပါကြောင်း၊ လမ်းအနောက်ဘက်က လယ်များကို မိုးတွင်းကာလတွင် ရေအသုံးချစိုက်ပျိုးနေရခြင်း ဖြစ်ပါကြောင်း၊ ယခုအခါ လမ်းမကြီးကို မူလလမ်းထက် Level မြှင့်တင်ခဲ့ပြီး ရေပေးမြောင်းများကို ထည့်သွင်းမစဉ်းစားသည့်အတွက် ကွင်းအမှတ်(၇၃၃)တွင် ဧက ၅၀၊ ဝက်တိုးဆည်မှ ရေသွယ်ယူသည့် ဧက ၁၀၀ နှင့် ကွင်းအမှတ်(၆၉၅)တွင် ဧက ၅၀၀ ခန့်တို့သည် ရေမရဘဲ မိုးခေါင်နေခြင်းတို့ကြောင့် စိုက်ပျိုးနိုင်ခြင်းမရှိသည်ကို မိမိ၏ ခရီးစဉ်ထဲတွင်လည်း မျက်မြင်တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် အိန္ဒိယကုမ္ပဏီ တာဝန်ရှိသူများကို ဒေသခံများက သွားရောက်တင်ပြခဲ့သော်လည်း  ဒေသခံများအနေဖြင့် ယခုအချိန်အထိ အဆင်ပြေခြင်း မရှိသေးပါကြောင်း၊  မိမိတို့အနေဖြင့် လမ်းကို ကောင်းအောင်ဆောင်ရွက်ပြီး ဆည်က ရေကိုလည်း စီးစေလိုပါကြောင်းနှင့် လယ်လည်းစိုက် နိုင်စေရန်အတွက် ပ.ဆ.င တာဝန်ရှိသူများ သိရှိပြီး ဒေသခံများ၏ဒုက္ခကို ကူညီဖြေရှင်းပေးနိုင်ပါရန် တင်ပြလိုပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် လမ်းနယ်မြေထဲလယ်ယာပါသည်ခြင်းအတူတူ လျော်ကြေးမရသေးသည့် တောင်သူ ၃၇၆ ဦးတို့ အတွက် အမြန်ဆုံးစိစစ်ပြီး လျော်ကြေးငွေရရှိအောင် ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိကို လည်းကောင်း၊ လမ်းလုပ်ငန်းကြောင့် ရေမြောင်းပိတ်ပြီး ဆည်ရေငတ်နေသည့် လယ်များကို ရေအမြန်ဆုံး ရရှိအောင် အမြန်ဆုံးစီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။