(ဆ)-မာန်အောင်ကျွန်းပေါ်ရှိ ကျွန်းပတ်လမ်းပေါ်တွင်ရှိသော တံတားအမှတ်(၁/၂၁) ကမားချောင်းတံတား နှင့်တံတားအမှတ်(၁/၈) သစ်ဝချောင်းတံတားတို့အား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မိမိတို့မာန်အောင်ကျွန်းမှာ ရခိုင်ပြည်နယ်ထဲတွင်ရှိပြီး ဘင်္ဂလားပင်လယ်အော်ထဲတွင် ရှိသောကျွန်းတစ်ကျွန်းဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု ကြောင့် နိုင်ငံတော်မှ ဝေးလံခေါင်သီဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသည့်မြို့နယ်တစ်ခုလည်းဖြစ်ပါကြောင်း၊ မာန်အောင်ကျွန်း၏ အကျယ်အဝန်းသည် ၂၀၂ စတုရန်းမိုင်ကျယ်ဝန်းပြီး မြို့နေရပ်ကွက် ငါးခု၊ ကျေးရွာအုပ်စု ၃၆ အုပ်စုနှင့် ကျေးရွာ ၁၃၇ ရွာရှိပါကြောင်း၊ လူဦးရေ ၇၀,၀၀၀ ခန့် နေထိုင်လျက်ရှိကြပါကြောင်း၊ ကျွန်းပတ်လမ်းသည် ၅၁/၄ မိုင်ရှိပြီး ကျွန်းပတ်လမ်းပေါ်တွင် ရှိသည့်ကမားချောင်းတံတားနှင့် သစ်ဝချောင်းတံတားများသည် အလွန်အရေးပါသောတံတားများဖြစ်ကြပါကြောင်း၊ ကမားချောင်းတံတားကို ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်တွင်တည်ဆောက်ပေးပြီး မာန်အောင်ကျွန်းပတ်လမ်းပေါ်တွင် အရှည်ဆုံးတံတားဖြစ်ပါကြောင်း၊ သံကူကွန်ကရစ်တိုင်များသည် Concrete Cover များကွဲပြီး အားဖြည့်သံချောင်းများပေါ်လာကာ ဆားငန်ငွေ့ကြောင့်သံချေးများတတ်ပြီး လက်တန်းရန်းများ ကြံ့ခိုင်မှုမရှိဘဲ တံတားကြမ်းခင်းမှာလည်း ဆွေးမြည့်ပျက်စီးနေကြပါကြောင်း၊ နောက်တံတားတစ်ခုမှာ သစ်ဝချောင်းတံတားဖြစ်ပြီး ၎င်းတံတားကို ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်တွင်တည်ဆောက်ခဲ့ပါကြောင်း၊ ထိုတံတားသည်လည်း ကမားချောင်းတံတားကဲ့သို့ ကြံ့ခိုင်မှုမရှိတော့ပါကြောင်း၊ ပြည်သူများ ၎င်းတံတားနှစ်စင်းကို ကားဖြင့် ဖြတ်သွားသည့်အခါ ထိတ်လန့်စွာဖြတ်နေကြရပါကြောင်း၊ ၎င်းတံတားနှစ်စင်းသည် ကျွန်းပတ်လမ်းပေါ်ရှိ အဓိကတံတားများဖြစ်ပြီး ယာဉ်သွားလာမှုနှင့် လူသုံးအများဆုံးဖြစ်သည့်အတွက် အမြန်ဆုံး အသစ်တည်ဆောက်ပေးရန် လိုအပ်နေပါကြောင်း၊ ထိုကြောင့် ထိုတံတားနှစ်စင်းကို ၂၀၂၀ ပြည့်နှစ်အတွင်း အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။