(ဂ)-နှစ်အနည်းငယ်အတွင်း ယိုယွင်းပျက်စီးလာသည့် အခြေခံပညာ ကျောင်းများ၏ အရေအတွက်၊ တည်နေရာ၊ ဆောက်လုပ်သော ကုမ္ပဏီ၏ အမည်၊ လိပ်စာနှင့် လုပ်ငန်းမှတ်တမ်းများကို ကောက်ယူ၍ ပြုစုမှတ်တမ်းထားရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတွင်တင်ဒါအောင်သည့် ကုမ္ပဏီတချို့ ဆောက်လုပ်ခဲ့သည့် ကျောင်းများသည် နှစ်အနည်းငယ်အတွင်းတွင် လေးနှစ်၊ ငါးနှစ်၊ ခြောက်နှစ်၊ ခုနစ်နှစ် အတွင်းတွင် ယိုယွင်းပျက်စီးပြီး ကျောင်းသူ ကျောင်းသားများအတွက် အန္တရာယ်ရှိခြင်း၊ ဆရာမများအတွက် အန္တရာယ်ရှိခြင်းများ ဖြစ်လာသည်ကို တွေ့ရှိရပါကြောင်း၊ မည်သည့်အတွက်နှစ်နည်းနည်းအတွင်း ပျက်စီးရခြင်းသည် တင်ဒါစည်းကမ်းတွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့် မကိုက်ညီခြင်းမရှိ အရည်အသွေးများ လျှော့ပြီး သွပ်များ၊ သံများ၊ ဘိလပ်မြေများ၊ အုတ်များ စသဖြင့် ၎င်းတို့ကို အသုံးပြုသွားသည့်အတွက် ဖြစ်ကြောင်း၊
ထိုကဲ့သို့ တာဝန်မဲ့ လုပ်ကိုင်သွားသည့် ကုမ္ပဏီများ ရှိသော်လည်း ၎င်းကုမ္ပဏီများကို ထိထိရောက်ရောက် ဟန့်တားနိုင်သည်ကို ယနေ့ထိ မတွေ့ရကြောင်း၊ အမည်ပျက်စာရင်းသွင်းခံရခြင်းကို ၎င်းတို့ ဂရုမစိုက်ကြောင်း၊ ၎င်းကို ထပ်ခါထပ်ခါ မိမိတို့ လွှတ်တော်တွင် ကြားပြီး ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ခပ်ညံ့ညံ့ကုမ္ပဏီများသည် နောက်နှစ် နောက်နှစ်များတွင် တင်ဒါအောင်ပြီးလုပ်ငန်း ဆက်လုပ်နိုင်သည်ကိုတွေ့ရပါကြောင်း၊ ၎င်းကို မိမိတို့ စဉ်းစားရန်လိုပါကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီးတင်ဒါအောင် ကုမ္ပဏီများ၊ ကြားထဲတွင် အဂတိတရားများ စသည်တို့ ရှိနိုင်သည်ဟု ပြည်သူများက ယူဆနေကြပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နေပြည်တော် MICC-2 ၌ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့ အဖွင့်မိန့်ခွန်းတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ပြီး အစိုးရဌာနများမှ လက်ရှိဆောင်ရွက်နေသည့် တင်ဒါခေါ်ယူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး တိုင်တန်းမှုများ ရှိနေကြောင်း၊ တင်ဒါကိစ္စနှင့်ပတ်သက်ပြီး မမှန်မကန်လုပ်ခြင်းများရှိနေပြီး ၎င်းကိစ္စသည် လာဘ်ပေးလာဘ်ယူနှင့် ဆက်နွှယ်နေကြောင်းထည့်သွင်း ပြောကြားသည်ကို တွေ့ရပါကြောင်း၊
ထို့ကြောင့် ဂုဏ်သတင်းပျက်ယွင်းနေသည့် စည်းကမ်းဖောက်ဖျက်သည့် ကုမ္ပဏီများကို ကုမ္ပဏီများ၏ တင်ဒါဆွဲသည့်အချိန်တွင် ကုမ္ပဏီပိုင်ရှင်သည် မည်သူစသည်ဖြင့် ၎င်းနှင့် ပတ်သက်သည့် အချက်အလက်များကို သက်ဆိုင်ရာ တင်ဒါကော်မတီမှ အားလုံးသိသော်လည်း ဆောက်ပြီး အရည်အသွေး မမီ၍ပျက်သွားသည့် ပစ္စည်းများ ကျန်ခဲ့သည့်အချိန်တွင် ကုမ္ပဏီများကို လိုက်ရှာရာတွင်တချို့သည် ရှာ၍မတွေ့ကြောင်း၊ ၎င်းကုမ္ပဏီများကို သိနိုင်သည်က တင်ဒါဆွဲသည့်အချိန်တွင် သိနိုင်ကြောင်း၊ တင်ဒါဆွဲပြီး အသီးသီး ပိုက်ဆံထုတ်ပြီး ထွက်သွားသည့် အချိန်တွင် အရည်အသွေး မမီသည့်အတွက် လိုက်ရှာသည့်အချိန်တွင် ရှာမတွေ့သည့်ကုမ္ပဏီများစွာရှိသည်ဟု မိမိတို့ သိရပါကြောင်း၊ ထို့ကြောင့် မည်သည့် အတွက် ဖြစ်ရသနည်း၊ မိမိတို့ ငယ်စဉ်က ကျောင်းတချို့သည် ယခုအချိန်ထိ ရာပြည့်ပွဲတော်များ ကျင်းပနိုင်သည့်အကြောင်း၊ မိမိတို့ မြို့ရှိအ.ထ.က(၁) သည် ၁၁၈ နှစ် ရှိပြီဖြစ်ကြောင်း၊ ပင်မအဆောက်အအုံများ၊ ၁၉၅၂ ခုနှစ်တွင် ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ ငယ်စဉ်က (၁၉၅၂ ခုနှစ်က) ဆောက်သည့်ကျောင်း၊ သို့သော် ကျောင်းသက်သည် ၁၁၈ နှစ် ရှိသွားပြီဖြစ်ကြောင်း၊ သို့သော် ၎င်းသည် လက်ရှိအချိန်ထိ ခံကြောင်း၊ ရန်ကုန်တွင်လည်း ယခုလိုကျောင်းမျိုး များစွာရှိပါကြောင်း၊ ထို့ကြောင့် ယခုဆောက်သည့် ကျောင်းများသည် ခေတ်မီပစ္စည်းများ သုံးနိုင်ကြောင်း၊ သို့သော် လေးနှစ်၊ ငါးနှစ်သာ ခံကြောင်း၊ ခြောက်နှစ်၊ ခုနစ်နှစ်သာ ခံသည့်အချက်သည် မိမိတို့ မပြင်ပါက ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးလိုသည့် မေးခွန်းသည် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးများက မည်သည့်ကျောင်းများသည် မည်ကဲ့သို့ဖြစ်သွားသည် ဆိုသည့် မှတ်တမ်းကို သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကို ပို့၊ ၎င်းမှတစ်ဆင့် ညွှန်ကြားရေးမှူးချုပ်ဆီရောက်၊ မှတ်တမ်းထား၍ တင်ဒါခေါ်သည့် အဖွဲ့များနှင့် ဆက်စပ် ဆောင်ရွက်သွားမည်ဆိုပါက အဆင်ပြေမည်ဟု ထင်ပါကြောင်း၊ တစ်ဖက်တွင် ဆောက်လုပ်ရေးကဏ္ဍ တစ်ခုလုံး လွှမ်းခြုံနိုင်သည့် အဆောက်အဦနှင့် ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ ထို့ပြင် Third Party ဆိုသည်များကို မိမိတို့ ပီပီပြင်ပြင်ဆောင်ရွက်ရန် လိုအပ်ပြီဟု ယူဆပါကြောင်း၊ ထို့ကြောင့် နှစ်အနည်းငယ်အတွင်း ယိုယွင်းပျက်စီးလာသည့် အခြေခံပညာ ကျောင်းများ၏ အရေအတွက်၊ တည်နေရာ၊ ဆောက်လုပ်သော ကုမ္ပဏီ၏ အမည်၊ လိပ်စာနှင့် လုပ်ငန်းမှတ်တမ်းများကို ကောက်ယူ၍ ပြုစုမှတ်တမ်းထားရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်းမေးမြန်းပါသည်။