(စ)-လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ အခြေခံပညာ မူလတန်းကျောင်းများ၊ မူလတန်းလွန်ကျောင်း၊ အလယ်တန်း ကျောင်းခွဲများတွင် လစ်လပ်လျက်ရှိသည့် ဆရာ ဆရာမများ ခန့်အပ်တာဝန် ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်းများ၊ မူလတန်းလွန်ကျောင်းများ၊ အလယ်တန်းကျောင်း(ခွဲ)များတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် စတင်သည့် ဇွန်လမှစ၍ အခြေခံပညာကို သင်ကြားပြသနေသည့် ဆရာဆရာမများ ပြည့်စုံမှုမရှိ လစ်လပ်နေပါသဖြင့် ကျေးရွာများရှိ စာသင်ကျောင်းများတွင် ပညာသင်ကြားနေကြသည့် မိမိတို့၏ ရင်သွေးသားသမီးများ ပညာသင်ကြားရာတွင် အခက်အခဲများ ရှိနေပါသဖြင့် သက်ဆိုင်ရာပညာရေး ဝန်ကြီးဌာနသို့ တင်ပြပြီး ဆရာဆရာမများ ရရှိနိုင်ရန် ကူညီတောင်းခံတင်ပြလာကြောင်း၊ သက်ဆိုင်ရာ ပညာရေးဌာန၊ မြို့နယ်ပညာရေးမှူးထံသို့ အခြေခံပညာ သင်ကြားရေး ဆရာဆရာမများ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ပါရန်တင်ပြခဲ့ပါကြောင်း၊ မြို့နယ်ပညာရေးမှူးမှ အားလုံးပြည့်စုံစေရန်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း၊ ကျေးရွာများမှ ကျောင်းကော်မတီများ၊ ကျောင်းသားမိဘများမှ လူထုခန့်ဆရာဆရာမများ ငှားရမ်းပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ လက်ရှိတာဝန်ထမ်းဆောင်နေသော ဆရာဆရာမများသည်လည်း ပြောင်းရွှေမိန့်များ ရရှိပြီး အခြားမြို့နယ်များသို့ ပြောင်းရွှေ့သွားကြကြောင်း၊ ပြောင်းရွှေ့သွားသည့် ဆရာဆရာမများ နေရာတွင် အချိန်မီ အစားထိုး ခန့်အပ်တာဝန်ပေးနိုင်ခဲ့ခြင်း မရှိပါသဖြင့် ဒေသခံကျေးရွာများရှိ အခြေခံပညာသင်ကြားနေကြသည့် ကျောင်းသားကျောင်းသူများ၏ ပညာသင်ကြားရေးအတွက်များစွာအခက်အခဲဖြစ်ခဲ့ရပါကြောင်း၊ ထို့ကြောင့် ကျေးရွာများမှ လိုအပ်လျက်ရှိသည့် အခြေခံပညာသင်ကျောင်းများအတွက် ဆရာဆရာမများ ပြည့်စုံခန့်အပ်တာဝန်ပေးရန် ပညာရေးဌာနသို့ တင်ပြပေးရန် လူထုတွေ့ဆုံပွဲ၊ လွှတ်တော် အတွေ့အကြုံရှင်းလင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲများတွင် အကြိမ်ကြိမ် တင်ပြလာပါသဖြင့် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်းရှိ ဆဟောင်းကျေးရွာအုပ်စု၊ နားယမ်းကျေးရွာအုပ်စု၊ ဟွေကောက်ကျေးရွာအုပ်စု၊ ပါမုန့်ကျေးရွာအုပ်စု၊ ဟဲနန်းကျေးရွာအုပ်စု၊ ပင်လုံအရှေ့ကျေးရွာအုပ်စု၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ တောင်နောက်ကျေးရွာအုပ်စု၊ ခေါက်နွဲ့ကျေးရွာအုပ်စု၊ ဆင်ခြေဖုံး ကျေးရွာအုပ်စု၊ ကုန်းယောကျေးရွာအုပ်စုအပါအဝင် ကျေးရွာအုပ်စု ၁၉ အုပ်စုအတွင်းရှိ ကျေးရွာများရှိ အခြေခံပညာ မူလတန်းကျောင်းများ၊ အခြေခံပညာ မူလတန်းလွန်ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များတွင် လစ်လပ်လျက်ရှိသည့် လိုအပ်သည့် အခြေခံပညာရေး ဆရာဆရာမများ ခန့်အပ်တာဝန်ပေးရန် မည်သို့ စီစဉ်ဆောင်ရွက်လျက်ရှိမည်နည်း နှင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ဖြည့်ဆည်းခန့်အပ်တာဝန်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါသဖြင့် မေးမြန်းပါသည်။