(ဃ)-အင်းတော်မြို့နယ်တွင် သက်မွေးဝမ်းကျောင်း(ဘက်စုံသုံး)တစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

မိမိမေးခွန်း၏ ရည်ရွယ်ချက်အကျဉ်းချုပ်နှင့် ဘက်စုံသုံးကျောင်းဖြစ်သည်ကို ရှင်းပြလိုပါကြောင်း၊ ကျေးလက်လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းရစေခြင်း၊ လုပ်ငန်းခွင်အခြေခံ ကျွမ်းကျင်သည့်လုပ်သား (Skilled Labour) များ ပေါ်ထွက်ရန် ရည်ရွယ်ပါကြောင်း၊ အလုပ်လက်မဲ့အရေအတွက်နှင့် တစ်ဖက်နိုင်ငံကို သွားရောက်လုပ်ကိုင်ရသည့် အရေအတွက်များလျှော့ချလိုခြင်းသည် အဓိကရည်ရွယ်ချက်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် ရည်ရွယ်သည်မှာ နိုင်ငံတော်ကရည်မှန်းထားသည့် အသေးစားလုပ်ငန်းရှင် small loan system များ ပေါ်ပေါက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန်နှင့် နိုင်ငံတော်မှချမှတ်ထားသည့် MSDP လိုရေရှည်စီမံကိန်းကြီးများ အောင်မြင်ရန်အတွက် အခြေခံမှစပြီး ဖွံ့ဖြိုးတိုးတက်ရန်ရည်ရွယ်ပါကြောင်း၊ မိမိတောင်းခံသည့် ဘက်စုံသုံးကျောင်းဆိုသည်မှာ Vocational Center သို့မဟုတ် Vocational School သာဖြစ်ပါကြောင်း၊ Diploma ပေးမည့် သင်တန်းကျောင်းမျိုးမဟုတ်ဘဲ ကျွမ်းကျင်လက်မှတ်ပေးမည့် အခြေခံသက်မွေးပညာဌာန (Community Based Vocational Center) သာ ဖြစ်ပါကြောင်း၊ ထို Center ကို ဆက်ပြီးပုံဖော်ရမည်ဆိုလျှင် ဘက်စုံသုံးကျောင်းတွင် လယ်ယာ၊ သစ်သီးဝလံ စိုက်ပျိုးရေးပြုပြင်ပြောင်းလဲမှုအတွက် စာတွေ့၊ လက်တွေ့အခြေခံသင်တန်းများ ကျေးလက်မွေးမြူရေး၊ မွေးမြူရေးနှင့် ဆက်စပ်သည့် လုပ်ငန်းများအတွက် အခြေခံစာတွေ့၊ လက်တွေ့သင်တန်းများ ဆောက်လုပ်ရေး၊ လမ်းတံတားလုပ်ငန်းခွင် လုပ်သားများအတွက် အခြေခံစာတွေ့၊ လက်တွေ့သင်တန်းများနှင့် သစ်တောများထိန်းသိမ်းခြင်း သစ်တောထွက်ပစ္စည်း အသုံးပြု ထုတ်လုပ်ခြင်းအတွက် အခြေခံစာတွေ့၊ လက်တွေ့သင်တန်းများနှင့် ကျေးလက်လျှပ်စစ်မီးလင်းရေးအတွက် အခြေခံလျှပ်စစ်ကျွမ်းကျင်လုပ်သား စာတွေ့၊ လက်တွေ့ သင်တန်းများကို ပို့ချစေမည်ဖြစ်ပါကြောင်း၊ အထက်ပါ အခြေခံကျွမ်းကျင်သင်တန်းများ သင်ကြားပေးမည်ဆိုလျှင် လုပ်ငန်းခွင်တွင် လက်ရှိဝင်နေသည့် ကျေးလက်လူငယ်များအတွက် ၎င်းတို့၏လုပ်ငန်းသည် ပိုမိုစနစ်ကျစေမည်ဖြစ်သည့်အပြင် မိမိကိုယ်ကိုမိမိ ပိုမိုယုံကြည်မှုရှိသည့်လူငယ်များအဖြစ် ပြောင်းလဲနိုင်သကဲ့သို့ အလုပ်မရှိသေးသည့် လူငယ်များအတွက်လည်း ကုမ္ပဏီများနှင့်ချိတ်ဆက်ပြီး အလုပ်အကိုင် ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းများသည်လည်း Short Course နှစ်လ၊ သုံးလ၊ လေးလ စသည်ဖြင့်သာ ဖြစ်ပါကြောင်း၊ ထို့အပြင် စနေနေ့၊ တနင်္ဂနွေနေ့ ရုံးအားရက်တွင် ဝန်ထမ်းများအတွက် အခြားဘာသာစကား ကျွမ်းကျင်မှုသင်တန်းများနှင့် စိတ်ဝင်စားသူလူငယ်များအတွက် ဥပဒေဆိုင်ရာ ဆွေးနွေးပို့ချခြင်းသင်တန်းများလည်း စီစဉ်ပေးမည်ဆိုလျှင် အလွန်တရာမှ တန်ဖိုးရှိသည့်သင်တန်းကျောင်းများဖြစ်ပါကြောင်း၊ ထိုကျောင်းသည် မိမိတောင်းဆိုသည့် ဘက်စုံသုံးသင်တန်းကျောင်းပုံစံ ဖြစ်ပါကြောင်း၊ မိမိတို့အင်းတော်မြို့နယ်သည် လူဦးရေ တစ်သိန်းသုံးသောင်းကျော် နေထိုင်ပြီး လယ်ယာလုပ်ငန်း၊ သစ်တောအမှီပြုလုပ်ငန်းများနှင့် အသက်မွေးသည့်တောင်သူ များပြားပါကြောင်း၊ လူဦးရေ၏ လေးဆယ်ရာခိုင်နှုန်းသည် လူငယ်များဖြစ်ပြီး ထိုထဲကမှ နှစ်ရာခိုင်နှုန်းသည်လည်း အလုပ်လက်မဲ့ဖြစ်ပါကြောင်း၊ မြို့၏အကျယ်အဝန်းသည် ၇၃၃ စတုရန်းမိုင်ရှိပြီး စိုက်ပျိုးမြေသည်လည်း ဧက ၇၀,၀၀၀ ကျော်ရှိပါကြောင်း၊ သစ်တောသည်လည်း ဧကနှစ်သိန်းလေးသောင်းကျော် ပိုင်ဆိုင်ပါကြောင်း၊ အင်းတော်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသည့် လူငယ်များသည် မိုးညှင်း၊ ရွှေဘို၊ မန္တလေးရှိ တက္ကသိုလ်ကောလိပ်များကို အဝေးသင် သို့မဟုတ် အချိန်ပြည့် သွားရောက်သင်ကြားပြီး တက်ရောက်ဆဲ သို့မဟုတ် ဘွဲ့ရပြီးလူငယ်များသည် စာရေး/ စာချီဝန်ထမ်းအဖြစ်သာ အနည်းငယ် လုပ်ကိုင်ခွင့်ရပြီး ပုဂ္ဂလိကဈေးဆိုင်များတွင် ဈေးခေါ်ရောင်းဝန်ထမ်းအဖြစ်လည်း လုပ်ကိုင်ပါ ကြောင်း၊ မိမိတို့မြို့နယ်တွင်ရှိသည့် သစ်တောများ၊ လယ်ယာများကိုအသုံးပြုပြီး ကြီးပွားတိုးတက်ရန် လုပ်ကိုင်နိုင်စွမ်းနည်းပါကြောင်း၊ နိုင်ငံတော်မှဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းများ နောက်ပုဂ္ဂလိကမြို့ကြီးများမှ ဖွင့်လှစ်သည့်ပုဂ္ဂလိကသင်တန်းကျောင်းများကို သွားရောက်ရန်လည်း ငွေကြေးမတတ်နိုင်ပါကြောင်း၊ ထို့ကြောင့် လူငယ်များသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းများလာကြောင်း၊ တစ်ဖက်နိုင်ငံကို အလုပ်ကြမ်းသမားအဖြစ်ဖြင့် ခက်ခဲစွာသွားရောက် အသက်မွေးရကြောင်း၊ ဗန်းမောက်ရွှေတွင်းကဲ့သို့ ဖားကန့်ကျောက်စိမ်းတွင်းတို့တွင် ရှိသည့်တရားမဝင်လုပ်ငန်းများတွင် ပင်ပန်းကြီးစွာ အသက်ရင်းပြီး အသက်မွေးရခြင်း များစွာရှိပါကြောင်း၊ နိုင်ငံတော်ကလည်း ခရိုင်အဆင့်မြို့များတွင် တက္ကသိုလ်များ၊ ကောလိပ်များ၊ အသက်မွေးဝမ်းကျောင်းသင်တန်းကျောင်းများ ဖွင့်လှစ်နေသည်ကို ကြိုဆိုပါကြောင်း၊ သို့သော် ၎င်းသင်တန်းကျောင်းများသည် အနည်းဆုံး နှစ်နှစ်ဖြစ်သည့်အပြင် အသက်နှင့်အရည်အချင်း ကန့်သတ်ချက်များကြောင့် လူငယ်များအတွက် အခက်အခဲရှိပါကြောင်း၊ ထို့ကြောင့် မိမိတောင်းဆိုသည့် Community Based Vocational Center များသည် ကျောင်းအုပ်ချုပ်ရေး၏ လူဦးရေ ၃၀ ဦးမှ ၅ ဦးဆံ့ အိပ်ဆောင်အပါအဝင် သင်တန်းဆောင်များဖြစ်ပြီး တစ်နှစ် သင်တန်းသုံးခုခန့် အလှည့်ကျစီစဉ်ပို့ချပေးမည်ဆိုလျှင် အင်မတန်အကျိုးရှိမည် ဖြစ်ပါကြောင်း၊ လိုအပ်သည့်မြေဧက ၅၀ နှင့်အထက် အဆင်သင့် ရှိနေသည့်အတွက်ကြောင့် အင်းတော်မြို့နယ်တွင် သက်မွေးဝမ်းကျောင်း (ဘက်စုံသုံး) တစ်ကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။