(က) - သာကေတမြို့နယ်၊ အမှတ်(၇)၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာစီမံကိန်း ဆောင်ရွက်စဉ်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ပြောင်းရွှေ့ခံရသောပြည်သူများအတွက် လိုအပ်သောစီမံမှုကို အမြန် ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(က) - သာကေတမြို့နယ်၊ အမှတ်(၇)၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာစီမံကိန်း ဆောင်ရွက်စဉ်က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ပြောင်းရွှေ့ခံရသောပြည်သူများအတွက် လိုအပ်သောစီမံမှုကို အမြန် ဆုံး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အဘယကျော်ထင်လမ်း၊ အမှတ် (၁၆၈) ရပ်ကွက်တွင်နေထိုင်လျက်ရှိသောအိမ်ထောင်စု ၁၉၂ အိမ်သည် ဖော်ပြပါမြေနေရာသို့ ပြောင်းရွှေ့မခံမီအထိသာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်တွင်မိသားစုများနှင့်အခြေတကျနေထိုင်ခဲ့ကြသူများဖြစ်ပါကြောင်း၊ ၂၀၀၁-၂၀၀၂ ခုနှစ်၌ သာ‌ကေတမြို့နယ်၊ရှုခင်းသာရပ်ကွက်၊အဆင့်မြင့်အိမ်ရာစီမံကိန်း ဆောင်ရွက်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး‌ကော်မတီ၊ တက်လမ်းဆောက်လုပ်ရေးကုမ္ပဏီနှင့်ယုဇနဆောက်လုပ်ရေးကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ကြရာ၌ ရှုခင်းသာရပ်ကွက်ရှိ နေထိုင်သူများကို စီမံကိန်းအကောင်အထည်ဖော်သည့်အချိန်အတွင်း ခေတ္တဖယ်ရှားပေးရန်နှင့် ‌မြေနေရာ အတည်တကျ ချထားပေးမည်ဟု ညှိနှိုင်းပြောဆိုမှုအပေါ် ပြည်သူများမှယုံကြည်၍ သဘောတူခဲ့ကြောင်း သိရှိရပါကြောင်း၊ ရှုခင်းသာရပ်ကွက်နေ ပြည်သူများအနက်မှ အိမ်ထောင်စု ၁၉၂ စုအား ယခု နေထိုင်ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၁၆၈)ရပ်ကွက်သို့ တစ်အိမ်ထောင်လျှင် (၁၅ x ၆၀ ပေ) အကျယ်တိုင်းတာ၍ ‌ခေတ္တနေထိုင်ရန်စီစဉ်ပေးပြီး အဆင့်မြင့်အိမ်ရာစီမံကိန်း အဆင့်(၇) စီမံကိန်းဧရိယာမှ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ အကွက် (၁၆၈)သို့ ဖျက်သိမ်းရေးဆပ်ကော်မတီမှ မော်တော်ယာဉ်များဖြင့် ပြောင်းရွှေ့စေခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့နေထိုင်ကြောင်း စာရွက်စာတမ်းနှင့်တကွ ယာယီနေရာချထားပေးခဲ့သည်မှာ ယနေ့အချိန်ထိဆို ၁၈ နှစ်ကျော်ဖြစ်သော်လည်း မူလသဘောတူညီထားသည့် မြေနေရာအတည်တကျ စီစဉ်ဆောင်ရွက်ပေးမည့်ကိစ္စအား ယနေ့အချိန်ထိ ဆောင်ရွက်ခြင်းမရှိသကဲ့သို့ တရားဝင်ခံစားခွင့် တစ်စုံတစ်ရာလည်းမရှိကြောင်း သိရှိရပါကြောင်း၊

ထို့အပြင် ၉-၅-၂၀၁၆ ရက်နေ့တွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈) ရပ်ကွက်အတွင်းရှိ အစိုးရမြေပေါ်ဝင်ရောက် နေထိုင်သည့်လူဦးရေစာရင်း ခေါင်းစဉ်ပါစာရွက်ဖြင့် လမ်းဘေးကျူးကျော် နေထိုင်သူများစာရင်းကောက်ခံခြင်း ဖြစ်ကြောင်းပြောကြားသောကြောင့် ကာယကံရှင် အိမ်ထောင်စု ၁၉၂ စုတို့မှ ကျူးကျော်ဝင်ရောက် နေထိုင်ခြင်းမဟုတ်ဘဲ စီမံကိန်းအတွက် ဖယ်ရှားပေးရခြင်းသာဖြစ်ကြောင်း ရှင်းပြသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာစီမံကိန်း၊ အမှတ်(၇)မှ တာဝန်ရှိသူများ ထုတ်ပေးထားသော စာရွက်စာတမ်းများပြ၍ ကိုယ်စားလှယ်ထံတင်ပြချက်အရ တရားဝင်စာရွက်စာတမ်းများ ရရှိရေး အတွက် ‌ဆောင်ရွက်ပေးခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ယခင် မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာန မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ လွှဲပြောင်းပေးသည့်မြေပုံပါမစ် မူရင်းခွဲ၊ မြေငှားစာချုပ် မူရင်းခွဲများစာရင်းနှင့် မြေတိုင်းအမှတ် (၁၆၈)၊ (၁/၂) စာရင်းဖြင့် ပေးပို့လာခဲ့ပါကြောင်း၊ ပေးပို့လာသောစာရင်း အရ ၂၀၁၈ ခုနှစ်တွင် ကာယကံရှင်များမှ မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်သို့ တင်ပြလျှောက်ထားခဲ့ရာ ယနေ့အထိ ထူးခြားစွာ ဆောင်ရွက်‌ပေးခြင်းမရှိဘဲ တစ်လတစ်ခါ ချိန်းဆိုနေကြရာ ယခုအခါ တစ်နှစ်ခွဲကျော်ကြာမြင့်ပြီ ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံသို့ ပေးပို့လာသောစာရင်းအရ သက်ဆိုင်ရာ စည်ပင်သာယာရေး‌ကော်မတီမှ မိမိတို့တာဝန်အား ကာလတစ်ခုအတွင်း ဆောင်ရွက်ထားမှုမရှိခြင်းအတွက် ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် သာကေတမြို့နယ်၊ အမှတ်(၇)၊ ရှုခင်းသာရပ်ကွက်၊ အဆင့်မြင့်အိမ်ရာစီမံကိန်း ဆောင်ရွက်ရန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်သို့ ပြောင်းရွှေ့ခြင်းခံရသော ပြည်သူများကိစ္စကို ဆက်လက်‌ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။