(ဈ)-မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသား အာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (Multi Sectoral National Plan of Acion on Nutrition MS-NPAN) ဆောင်ရွက်နေမှုများကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-05

အာဟာရ ဖွံ့ဖြိုးမှုသည် နိုင်ငံသားတိုင်း၏ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ရေးအတွက် သာမက ဉာဏစွမ်းအား ပြည့်ဝမြင့်မားရေးအတွက် အရေးကြီးဆုံး အချက် ဖြစ်ပါကြောင်း၊ အာဟာရ ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတော် ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံး သော ရင်းနှီးမြှုပ်နှံမှု ဖြစ်သည့်အပြင် နိုင်ငံ့၏ မဖြစ်မနေ လုပ်ဆောင်ပေးရမည့် အခြေခံအုတ်မြစ် ဖြစ်ပါကြောင်း၊

အမျိုးသား အာဟာရဆိုင်ရာ မဟာဗျူဟာနှင့် ပတ်သက်သည့် ဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးကို ၂၅-၁-၂၀၁၇ ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး ကျင်းပခဲ့ပါကြောင်း၊ အစည်းအဝေး၏ လမ်းညွှန်ချက် များအရ လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် ဆက်စပ်ဝန်ကြီးဌာနနှင့် မိတ်ဖက် အဖွဲ့အစည်း များအကြား ပူးပေါင်းဆောင်ရွက်နိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး ပြည်ထောင်စု ဝန်ကြီး ငါးဦးပါဝင်‌သည့် အဖွဲ့ဝင် ရှစ်ဦးဖြင့် ဖွဲ့စည်းသည့် မြန်မာနိုင်ငံ အာဟာရ ဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၂-၆-၂၀၁၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါကြောင်း၊ ၂၆-၁၁-၂၀၁၈ ရက်နေ့၌ ရန်ကုန်မြို့တွင်ကျင်းပသည့် အမျိုးသားအဆင့်ဦးဆောင် ကော်မတီ၏ ပထမအကြိမ် အစည်းအဝေး နှင့် အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို နေပြည်တော်တွင် ၉-၁၀-၂၀၁၉ ရက်နေ့တွင် ထပ်မံကျင်းပခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေး အမျိုးသားအဆင့်လုပ်ငန်းကော်မတီ၊တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်အာဟာရဖွံ့ဖြိုးမှု မြှင့်တင် ရေး ကော်မတီများကို ဖွဲ့စည်းပြီး တာဝန်ဝတ္တရားများကို ချမှတ် ဆောင်ရွက်စေ ခဲ့ပါကြောင်း၊

စီမံကိန်း၏ မျှော်မှန်းချက်နှင့် ပန်းတိုင်များတွင် ယေဘုယျ ရည်မှန်းချက်သည် မြန်မာနိုင်ငံရှိ မိခင်များ၊ ကလေးသူငယ်များ၊ အပျိုဖော်ဝင်အရွယ် မိန်းကလေးများတွင် အာဟာရပြဿနာများ အားလုံး လျော့နည်းလာစေရန် ရည်မှန်းထားပြီး ပန်းတိုင်များသည် ငါးနှစ်အောက် ကလေးများ၏ ပုညှက်မှုနှုန်း၊ ပိန်လှီမှုနှုန်း၊ သွေးအားနည်း ရောဂါဖြစ်ပွားမှုနှုန်းကို လျှော့ချသွားရန် အသက် ၁၅ နှစ်မှ ၅၀ နှစ်အောက် အမျိုးသမီးများတွင် သွေးအားနည်း ရောဂါ ဖြစ်ပွားမှုနှုန်း၊ အိုင်အိုဒင်း ချို့တဲ့မှုနှုန်းကို လျှော့ချရန်နှင့် မွေးကင်းစက‌လေး ကိုယ်အလေးချိန် မပြည့်သည့် ရာခိုင်နှုန်းကို လျှော့ချသွားရန် ဖြစ်ပါကြောင်း၊ အာဟာရ ချို့တဲ့မှုများ ဖြစ်လာပါက နောက်ဆက်တွဲ ဆိုးကျိုးများအနေဖြင့် မိခင်နှင့် ကလေးသေဆုံးမှု မြင့်လာခြင်း၊ ခန္ဓာကိုယ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ မျိုးဆက် တစ်လျှောက် ကျန်းမာရေး ချို့ယွင်းခြင်းနှင့် နိုင်ငံ့၏ စီးပွားရေးနှင့် ကုန်ထုတ်စွမ်းအား ကျဆင်းခြင်း ပြဿနာများအထိ ဖြစ်ပေါ်လာနိုင်သည့်အပြင် ယခုစီမံကိန်း အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက တင်ပြခဲ့သည့် ဆိုးကျိုးများကို အောင်မြင်ကျော်လွှားနိုင်မည် ဖြစ်ပါကြောင်း၊ လေးမျက်နှာ မြို့နယ်ရှိ ဝက်ကုန်းအုပ်စု၊ စေတလုံး စုစည်းရွာတွင် အိမ်ခြေ ၃၅ လုံးရှိပြီး အနီးအနား ကျေးရွာများနှင့် အလှမ်းဝေးပြီး တောတောင်ထဲတွင် နှစ်ရှည်လများ နေထိုင်ရှာဖွေ စားသောက်ရသည့်အတွက် ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်မှုများသည် အခြားဒေသရှိ သူများထက် ပုညှက် သေးကွေး နေသည်ကို သတိထားမိခဲ့ပါကြောင်း၊ စီမံကိန်းကို ဆန်ရေစပါး၊ သားငါး ပေါကြွယ်ဝဆုံး တိုင်းဒေသ ကြီး ဖြစ်သည့် မြန်မာနိုင်ငံ အာဟာရနှင့် အစာစားသုံးမှု အခြေအနေ လေ့လာရေး စစ်တမ်းများအရ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် ပိုမိုနိမ့်ကျ ဆိုးရွားနေသည့် တိုင်းဒေသကြီးဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး၏ တစ်နိုင်ငံလုံးအတွက် အကျိုးရှိ ထိရောက်အောင်မြင်စေရန် ရည်ရွယ်ပြီး တိုက်တွန်း မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊