(စ)-ထီးချိုင့်မြို့နယ်ရှိခုတင်၅၀ဆံ့ဆေးရုံသစ်အားမည်သည့်အချိန်တွင်ဖွင့်လှစ်မည်နှင့်လက်ရှိအသုံးပြုနေသောဆေးရုံဟောင်းအားမည်သိဆက်လက်အသုံးပြုမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-05

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့် မြို့နယ်ဆေးရုံ ၂၅ ခုတင်ဆံ့ကနေ ခုတင် ၅၀ ဆံ့ အဆင့်ကို ၂၀၁၅ ခုနှစ်တွင် တိုးမြှင့် သတ်မှတ်ခဲ့ပြီး လိုအပ်သည့် တိုးချဲ့နှစ်ထပ် လူနာကုသဆောင်နှင့် ခြောက်ခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာတို့ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခဲ့ သော်လည်း ၎င်းအဆောက်အအုံများသည် အသုံးပြုရန် အဆင်သင့် မဖြစ်သေးသည့်အတွက် ဒုတိယ အကြိမ် ပြည်သူ့လွှတ်‌တော် နဝမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်မပြ မေးခွန်းအဖြစ် ထီးချိုင့်မြို့ ခုတင် ၅၀ ဆံ့ ဆေးရုံတွင် လိုအပ်လျက်ရှိသည့် ဆက်လက်လုပ်ကိုင်ရန်လိုအပ်သည့် ကိစ္စများ၊ ခြံစည်းရိုးကာရံခြင်း၊ ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ သားဖွားခန်း၊ ရင်ခွဲရုံစသည့် လုပ်ငန်းများကို မည်သည့် ဘဏ္ဍာရေးနှစ်တွင်လျာထားကြောင်း သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေခွန်းကို မေးမြန်းခဲ့သည့် အချိန်တွင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ လက်ထောက်ဆရာဝန် နေအိမ်တစ်လုံး တည်ဆောက်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်းနှင့် ကုသဆောင်များပါသည့် တိုးချဲ့နှစ်ထပ်ဆောင် ၃၀ ရာခိုင်နှုန်း တည်ဆောက်ခြင်းနှင့် ကျန် ၇၀ ရာခိုင်နှုန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ အပြီး တည်ဆောက်မည်ဖြစ်ကြောင်း၊ လတ်တလောအခြေအနေအရ မူလ ဆေးရုံဟောင်းနေရာတွင် အဆင်ပြေသော်လည်း မိမိတို့၏ ပြည်သူများသည် အခုတင်ပြပါ ဆေးရုံနှင့် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံကို အတူတူတည်ဆောက်ခဲ့ရာတွင် တိုင်းရင်းဆေးရုံက စတင်ဖွင့်လှစ် အသုံးပြုနေပြီး ခုတင် ၅၀ ဆံ့ ဆေးရုံ ဖွင့်လှစ်မှုကို မေးမြန်းကြသည့်အချိန်တွင် ဆောင်ရွက်ထားရှိမှု အခြေအနေအရပ်ရပ်ကို ထီးချိုင့်မြို့နယ်သူ မြို့နယ်သားအားလုံး သိရှိစေလိုသည့်အတွက် မေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊

၂၀၁၅-၂၀၁၆ ခုနစ်တွင် တည်ဆောက်ခဲ့သည့် ခုတင် ၅၀ ဆံ့ ဆေးရုံ (မူလဆောင်)၊ မူလဆောင်နှင့် အတူတူတည်ဆောက်ခဲ့သည့် ခြောက်ခန်းတွဲလေးထပ်ဝန်ထမ်းဆောင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တည်ဆောက်ခဲ့သည့် လက်ထောက်ဆရာဝန်နေအိမ်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ဆဲခွဲစိတ်ခန်း၊သားဖွားခန်း၊ဓာတ်မှန်ခန်းနှင့်ကုသဆောင်များပါသည့် တိုးချဲ့နှစ်ထပ် ဆောင် (တည်ဆောက်ဆဲ) ဖြစ်ပါကြောင်း၊ ဖော်ပြပါ လုပ်ငန်းများ၏ ဓာတ်ပုံများနှင့် လက်ရှိ ထီးချိုင့် မြို့နယ် ဆေးရုံဟောင်း၏ ဓာတ်ပုံ ဖြစ်ပါကြောင်း၊ ဆေးရုံဟောင်းနှင့် တစ်ဆက်တည်း အလှူရှင် ဦးကျော်သိန်း+ဒေါ်ဆင့် (သိန်းဆင့်မိသားစု)က ပုဂ္ဂလိက လှူထားသည့် သိန်း ၁၀၅၀ တန် RC နှစ်ထပ် အဆောက်အအုံဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် အဆောင် ဖြစ်ပါကြောင်း၊

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် ခုတင် ၅၀ ဆံ့ဆေးရုံသစ်ကို မည်သည့်အချိန်တွင် ပြောင်းရွှေ့ဖွင့်လှစ်မည်နှင့် လက်ရှိ အသုံးပြုနေသောဆေးရုံဟောင်းအား မည်သို့ ဆက်လက် အသုံးပြုမည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။