(ဆ)-ရွှေပြည်သာမြို့နယ်တွင် ဘောလုံးကွင်းနှင့်ယှဉ်တွဲ၍ လေ့ကျင့်ရေးပစ္စည်းများနှင့်အတူ ပြေးခုန်ပစ် အားကစားကွင်းတစ်ကွင်းကို ၂၀၂၀-၂၀၂၁ ခုနှစ် ဘတ်ဂျက်နှစ်တွင်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ယခုမေးခွန်းကိုမေးမြန်းရသည့်ရည်ရွယ်ချက်မှာ တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သန်စွမ်းစေရန်နှင့် ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပါ ကြောင်း၊ ကြောင်းကျိုးဖော်ပြချက်အနေဖြင့် ပြေးခုန်ပစ်အားကစားသည် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် ကျား/မပြိုင်ပွဲများအလိုက်ကို ရွှေ ၄၆ ခု၊ ငွေ ၄၆ ခု၊ ကြေး ၄၆ ခု နေရာယူထားပါကြောင်း၊ ထို့ကြောင့်ပြေးခုန်ပစ်အားကစားတွင် အောင်မြင်သည့် နိုင်ငံများသည် နိုင်ငံအလိုက်အားကစား၌ ပထမအဆင့်တွင်ဝင့်ဝင့်ထည်ထည် ရပ်တည်နေသည်ကို တွေ့ရမည် ဖြစ်ပါ ကြောင်း၊ အားကစားများအနက် ပြေးခုန်ပစ် အားကစားနည်း သည်ဦးစီးခေါင်းကိုင်ဖခင် ဖြစ်ကြောင်း၊ အိုလံပစ်အားကစားပြိုင်ပွဲများတွင် မူလအစဖြစ်ကြောင်း၊ လူ့သဘာဝမှ ပေါက်ဖွားလာခြင်းဖြစ် ကြောင်း၊ အားကစားနည်းအားလုံးအတွက် အခြေခံကျသည် ဟု အတွေးအခေါ်ပညာရှင်များ ဆိုထား သည့်အတွက်ကြောင့် ပြေးခုန်ပစ်အားကစားကို နိုင်ငံတော်ကအားပေးပြီး ပြေးခုန်ပစ် အားကစား ကွင်းများ တည်ဆောက်ပေးသင့်ပါကြောင်း၊ မြန်မာ့ပြေးခုန်ပစ်အားကစားနှင့် ပတ်သက်၍ပြန်ကြည့် မည်ဆိုလျှင် ၁၉၆၁ ခုနှစ်နှင့် ၁၉၆၉ ခုနှစ်တွင် အရှေ့တောင်အာရှအားကစား ပြိုင်ပွဲများအားလုံးတွင် မြန်မာနိုင်ငံသည် ပထမအဆင့်တွင် နှစ်ကြိမ် တိုင်တိုင်ရပ်တည်နိုင်ခဲ့ပါကြောင်း၊ ၎င်းကာလများကို ကြည့်မည်ဆိုလျှင် ပြေးခုန်ပစ်အားကစား ၏ရွှေခေတ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် နိုင်ငံအလိုက် အားကစားပြိုင်ပွဲ အားလုံးတွင် ပထမအဆင့်တွင် ရပ်တည်နိုင်သည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ အကြမ်းအားဖြင့် ကြည့်မည်ဆိုလျှင် မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှတွင် သာမက အာရှနှင့်ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲအထိအောင်မြင်ခဲ့ကြောင်း၊ ၎င်းတွင် ဂျင်မီခရင်တန်၊ သန်းသန်း၊ ခင်ခင်ထွေး၊ မာမာမင်း၊ ဂျင်နီဖာတင်လေး စသည့် အားကစားသမားများသည် ရွှေ၊ ငွေ၊ ကြေးများကိုရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ကိုဆောင်ခဲ့ကြကြောင်း၊ ထို့အတူ တပ်မတော်တွင်လည်း အိုလံပစ်ပြိုင်ပွဲ အဆင့်အထိ အာရှနှင့် Sea Game ပြိုင်ပွဲများတွင် ရောဘတ်၊ ကိုကို၊ အာဖူး၊ ရှင်ဘွေးဂန်း၊ မီတုန်းနော်၊ သန့်ဇင်၊ ဇော်ဝိတ်၊ အောင်စိုးခိုင် စသည့်အားကစားသမားများသည် ရွှေ၊ ငွေ၊ ကြေး တို့ကိုယူပြီး နိုင်ငံ့ဂုဏ်ဆောင် နိုင်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် နောက်ပိုင်းနှစ် အခြေအနေများတွင် မိမိနိုင်ငံသည် ပြေးခုန်ပစ်အားကစားတွင် မှေးမှိန်လာသည်နှင့် အတူ မိမိတို့နိုင်ငံ၏အဆင့်သည် အာရှအဆင့် မပြောနှင့် အရှေ့တောင်အာရှအဆင့်တွင် အဆင့်ခုနှစ် နှင့် ရှစ်တွင်ရှိသည်ကို တွေ့ရပါကြောင်း၊ အထက်ဖော်ပြပါ မိမိတင်ပြခဲ့သည့် ရည်ရွယ်ချက်များ အောင်မြင်ရန် နိုင်ငံတော်၏ အခြေခံအုတ်မြစ်ဖြစ်သည့် မြို့နယ်များမှ စရပါကြောင်း၊ မြို့နယ်များ စသည့်အခါတွင်လည်း နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးမှု ၊ ဘတ်ဂျက်အနေအထားအရ မြို့နယ်တိုင်းတွင် ပြေးခုန်ပစ်အားကစားကွင်း တည်ဆောက်ပေးရန် လောလောဆယ် လက်တွေ့အခြေအနေများအရ မဖြစ်နိုင်ပါကြောင်း၊ သို့သော် အားမပေးလျှင်မဖြစ်သည့် ပြေးခုန်ပစ်အားကစားနည်းကို အားပေး သည့်အခါတွင် ထူးချွန်ထက်မြက် သည့် ပြေးခုန်ပစ်အားကစားသမားများကို မွေးထုတ်ပေးနေသည့် မြို့နယ်များမှစမည်ဆိုလျှင် လက်တွေ့ကျ၍ ဖြစ်နိုင်ကြောင်း၊ မိမိတို့ မြို့နယ်တွင်လည်း လက်ရှိအားကစားသမားများအနေဖြင့် လူငယ်များကိုမွေးထုတ်ပေးနေသည့် အရှေ့တောင်အာရှ တုတ်ထောက်ခုန်ချန်ပီယံ(Pole Jump) စွယ်မျိုးစုံချန်ပီယံမှ ဦးစိုးမြင့်အောင်နှင့်ဦးစီး သည့်အခါတွင် လူငယ်လက်ရွေးစင် ကစားသမား များမွေးထုတ်ပေးသည့်အခါတွင် စိုးမင်းထွေး (တုတ်ထောက်ခုန် မြန်မာ့လက်ရွေးစင်)၊ ဟန်ဝေဖြိုး (မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ ပဏာမမြန်မာ့ လက်ရွေးစင်)နှင့် တရုတ်ပြည်ထိ ငါးနှစ်သင်တန်းသွား ရောက်တက်ရောက်နေသည့်အနေအထားများရှိပါကြောင်း၊ ထို့ကြောင့် အလားအလာ ရှိသည့်မြို့နယ်များမှ လေ့ကျင့်ပေးမည်ဆိုလျှင် တိုင်းပြည် ၏ရည်ရွယ်ချက် များ၊ ဂုဏ်များပြည့်ဝလာမည်ဖြစ်ပါကြောင်း၊၎င်းအားကစားသမားများ ကိုအားကျ၍ ကျန်သည့် ကျောင်းသားလူငယ်ကစားသမားများလည်း လိုက်ပြီးကစားမည်ဆိုလျှင် တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်သန်စွမ်းရန်ဆိုသည့် နိုင်ငံတော်၏ရည်ရွယ်ချက်လည်းပြည့်မီမည်၊ ထူးချွန်ထက်မြက်သည့် ပြေးခုန်ပစ်ကစားသမားများကို အတိတ်မှာတုန်းကဲ့သို့ ပြန်လည်၍နိုးထလာပြီးသည့်အခါတွင် တိုင်းပြည်ဂုဏ်ဆောင်နိုင်မည်ဖြစ်သည့်အတွက် ရွှေပြည်သာမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် မြို့နယ်ပြည်သူ့ဘောလုံးကွင်းနှင့်ယှဉ်တွဲ၍ ခေတ်မီလေ့ကျင့်ရေး ပစ္စည်းများနှင့်တကွ ပြေးခုန်ပစ် အားကစားကွင်း တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းပါသည်။