(ဇ)-ကျန်းမာရေးနှင့်ညီညွတ်သော သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရောင်းချခြင်း စနစ်ဖြစ်စေရန် မည်သို့ပညာပေး ကြီးကြပ်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ပြောကြားချက်အရ လူတွေသောက်သင့်သည့် ရေသန့်သည် အချက်လေးချက်နှင့် ညီညွတ်သင့်ပါကြောင်း၊ (၁) အဏုဇီဝပိုးမွှားဆိုင်ရာ ရှုထောင့် ကနေကြည့်ပါက လူတွေကို ဘေးဥပဒ်ဖြစ်စေမည့် ပိုးမွှားများ ပါဝင်ခြင်းမရှိစေရန်၊ နံပါတ်(၂) ဓာတ်သတ္တုဆိုင်ရာရှုထောင့်ကကြည့်မည်ဆိုပါက လူတွေအတွက် ကျန်းမာရေးကို အဆိပ်သင့် စေနိုင်သော ဓာတ်သတ္တုများ ရေထဲတွင် ပျော်ဝင်ခြင်း မရှိစေရန်၊ နှင့် ရေရှည်တွင် ကင်ဆာအဖြစ် ပြောင်းလဲစေနိုင်သော ဓာတ်သတ္တုများ ရေထဲတွင် ပျော်ဝင်ခြင်း မရှိစေရန် ဟုဆိုကြောင်း၊ နံပါတ်(၃) ရေဒီယို ဓာတ်ကြွမှုဆိုင်ရာရှု ထောင့်ကကြည့်မည်ဆိုပါက ရေဒီယိုဓာတ်ကြွပစ္စည်းများ ရေထဲတွင် ပါဝင်ခြင်း မရှိစေရန်၊ နံပါတ်(၄) ရေ၏ အရောင်၊ အနံ့၊ အဆင်း၊ အရသာများသည် လူများ လက်ခံနိုင်ဖွယ်ရာ ဖြစ်စေရန်တို့ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုမေးခွန်းသည် ယနေ့ မိမိတို့ နိုင်ငံ၏ ဈေးကွက်တွင် ရေသန့်ဟူ၍ ရောင်းချနေသော ပြည်သူများက တန်ဖိုးတစ်ခုပေးပြီး ဝယ်ယူသောက်သုံး နေရသော ရေသန့်များသည် အထက်ပါအချက် လေးချက်နှင့် တက်အားသရွေ့ ညီညွတ်စေရန် ရည်ရွယ်ပါကြောင်း၊
ကျန်းမာရေးနှင့်ညီညွတ်သာ ရေသန့်များကို ပြည်သူများအနေဖြင့် ဝယ်ယူသောက်သုံးခွင့် ရရန် အတွက် အဆိုပါရေသန့်များ ထုတ်လုပ်၊ ဖြန့်ဖြူး၊ သယ်ယူ၊ ရောင်းချသည့် စနစ်အဆင့်ဆင့်တွင် ကျန်းမာရေးနှင့်ညီညွတ်နိုင်သည့် လိုက်ပါဆောင်ရွက်နိုင်ဖွယ်ရာများကို လိုက်ပါဆောင်ရွက်နိုင်မှ သာလျှင် ထိုအခွင့်အရေးကို ရရှိမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါ စနစ်အဆင့်ဆင့်တွင် မိမိတို့ မည်သို့ကြီးကြပ်ဆောင်ရွက်နေသည်ကို ပြည်သူလူထုသိရှိနိုင်ရန်နှင့် မိမိတို့ သတိပြုနိုင်ရန်ယခု မေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် ရေသန့်များ ထုတ်လုပ်ရာတွင် ရေသန့် များတွင် ပါဝင်သည့် ဘက်တီးရီးယားပိုးမွှားများကို အတိုင်းအတာတစ်ခုအထိ လျော့ကျနည်းပါး သေစေရန် စက်ရုံများတွင် အသုံးပြုသည့် နည်းလမ်းသည် Ozone Generator သို့မဟုတ် UV မီးချောင်းများ အသုံးပြုသည်ဟု လေ့လာသိရှိရပါကြောင်း၊ အဆိုပါ UV မီးချောင်းများကို တချို့ နားမလည်သည့် ဒေသများတွင် အလှမွေးငါးကန်များတွင် အသုံးပြုသည့် မီးချောင်းများဖြင့် ရောညှပ် ပြီးသုံးခြင်းသည့် အင်မတန်အန္တရာယ်များကြောင်း၊ ထို့ပြင် UV မီးချောင်းများ၏ အာနိသင် သည်လည်း အချိန်အတိုင်းအတာတစ်ခုကိုရောက်သည့်အခါ ပိုးမွှားများကို သေစေသည့် အစွမ်း အာနိသင်က နည်းပါးတတ်သည့်အတွက် အချိန်အတိုင်းအတာတစ်ခုရောက်တိုင်း အဆိုပါ မီးချောင်းများကို လဲလှယ် အသုံးပြုရမည်ဖြစ်ပါကြောင်း၊ ထိုသို့ လဲလှယ်သုံးစွဲခြင်း မပြုလုပ်ဘဲ မီးချောင်း ကျွမ်းမှသာ လဲလှယ်အသုံးပြုမည်ဆိုပါက အဆိုပါက စက်ရုံကထွက်လာသည့် ရေသန့်များသည် ဘက်တီးရီးယား ပိုးမွှားများ ပါဝင်ခြင်းမရှိသည့် ရေသန့်များဖြစ်ရန် စိတ်ချရခြင်း မရှိသည့်အတွက် ထုတ်လုပ်ခြင်း အဆင့်တွင်လည်း အဆိုပါ ကိစ္စရပ်များကို ကြီးကြပ်လိုက်နာကြရန် လိုအပ်နေသည်ကို ဆွေးနွေး လိုပါကြောင်း၊
ရေသန့်စက်ရုံတွင် အသုံးပြုသည့်ရေသန့်ဗူးများကို နောက်ဆုံးသန့်စင်ရမည့် ရေသည် ရေသန့် သာသုံး ရမည်ဆိုသော်လည်း အဆိုပါ သတ်မှတ်ချက်ကိုလိုက်နာသည့် စက်ရုံများသည် အတိုင်းအတာ တစ်ခုသာရှိသည်ဟု လေ့လာသိရှိရပါကြောင်း၊ မိမိတို့အနေဖြင့် ထပ်မံလေ့လာကြည့်ရာတွင် ရေသန့် စက်ရုံများတွင် အဆိုပါက စက်ရုံက အစဉ်သဖြင့်ထွက်ရှိလာသော ရေသန့်များကို အစဉ်တစိုက် ထိန်းသိမ်းပြီး ဓာတ်ခွဲနေခြင်းကို ပြုလုပ်လေ့မရှိကြဘဲ ရေသန့်များကို FDA ထောက်ခံချက်ရရန် အတွက် ဆောင်ရွက်စဉ်ကသာ ရေသန့်ဓာတ်ခွဲမှုကို ပြုလုပ်လေ့ရှိကြသည်ဟုလည်း သိရှိရပါကြောင်း၊ ထို့ကြောင့် ရေသန့်စက်ရုံများတွင် မိမိတို့စက်ရုံများက ထွက်ရှိလာသည့်ရေသန့်ကို အစဉ်တစိုက် အရည်အသွေးကိုစစ်ဆေးပြီး ဓာတ်ခွဲနိုင်သော မှတ်တမ်းတင်သော ဌာနများလည်းရှိရန်အတွင်လည်း တိုက်တွန်းလမ်းညွှန်ပေးရန် လိုအပ်သည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊
သယ်ယူဖြန့်ဖြူးရောင်းချသည့် စနစ်တွင်လည်း ရေများကို နေရောင်ခြည်နှင့် တိုက်ရိုက် အချိန်အကြာ ကြီး ထိတွေ့ခြင်း မရှိစေရန်အတွက် လမ်းညွှန်ရန်လိုပါကြောင်း၊ နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့ရပါက ရေသည် ဓာတ်တိုးမှုများဖြစ်ပေါ်လာပြီး တချို့ဓာတ်ပေါင်းများသည် ရေရှည်တွင် ကင်ဆာဖြစ်နိုင်ကြောင်း အထောက်အထားများကို သိရှိလာရသည့်အတွက် ဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးသည့် ကျန်းမာရေးနှင့် ညီညွတ်သော ရေသန့်စနစ်ကို ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရာတွင် ကုန်ကျစရိတ်များလည်း ရှိလာနိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့်လည်း လိုအပ်သည့် ပံ့ပိုးကူညီမှု၊ ဖြေလျှော့မှုများ ဆောင်ရွက်ပေးသင့်သကဲ့သို့ ကြီးကြပ်လမ်းညွှန်ရန် လည်းလိုအပ်သည့်အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သောက်ရေသန့်များ ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရောင်းချခြင်း စနစ်ဖြစ် စေရန် မည်သို့ပညာပေး ကြီးကြပ်ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။