(က)-ကွမ်းလုံမြို့နယ်အတွင်းရှိနမ့်တိန်ချောင်းရေတိုက်စားမှုကြောင့် နေရာကိုးခု ကမ်းပြိုမှုများဖြစ်ပေါ်နေသဖြင့်သက်ဆိုင်ရာဝန်ကြီးဌာနကကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ မည်သို့စီမံဆောင်ရွက် ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

ကွမ်းလုံမြို့နယ်နှင့် ဟိုပန်မြို့နယ်ကို နယ်နိမိတ်ပိုင်းခြားစီးဆင်းနေသည့် နမ့်တိန်ချောင်း တစ်လျှောက် မြစ်ရေတိုက်စားမှုကြောင့် စိုက်ပျိုးမြေများဆုံးရှုံးနေပါကြောင်း၊ ၎င်းရေတိုက်စားမှု ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၂၀၁၈ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ရာ ၂၀၁၈ ခုနှစ် မတ်လအတွင်း ကွမ်းလုံမြို့နယ်၊ ကုန်ညောင်ကျေးရွာ၊ ကောင်းကျဲကျေးရွာ၊ နမ့်ဟူးကျေးရွာ၊ နောင်ပန်ကျေးရွာများအနီး နမ့်တိန်ချောင်း ရေတိုက်စားနေမှုအခြေအနေများကို ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ကွမ်းလုံမြို့နယ်အတွင်း ဖော်ပြပါ ကျေးရွာများ၏ နေရာ(၉)ခုတွင် ကမ်းပြိုမှုများဖြစ်ပေါ်နေပြီး စုစုပေါင်းအလျားမှာ ၁၂,၈၀၀ ပေခန့် ရှိပါကြောင်း၊ အဆိုပါ နေရာ(၉)ခု၏ အလျား ၁၂,၈၀၀ ပေတွင် ကမ်းပြိုကာကွယ်ရေးအစီအမံများ ဆောင်ရွက်မည်ဆိုပါကလိုအပ်သောရန်ပုံငွေမှာ ကျပ်၂၈၆၆.၇ သန်းဖြစ်ပါကြောင်း၊ လုပ်ငန်းများအားဆောင်ရွက်သင့်သောအစီအမံခန့်မှန်းကုန်ကျစရိတ်တို့ကို တွက်ချက်ပြီး မှတ်တမ်းရေးသွင်းထားရှိပြီး ဦးစားပေးအဆင့်အလိုက် သတ်မှတ်ကာအကောင်အထည်ဖော်‌ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုဝန်ကြီးဌာနကပြန်လည်ဖြေကြားပေးခဲ့ပါကြောင်း၊မိမိအနေဖြင့် ဒေသခံပြည်သူများထံသို့ဝန်ကြီးဌာန၏ဖြေကြားချက်ပါအတိုင်းတင်ပြပေးခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် ယခုထိတိုင်ဆောင်ရွက်မှုတစ်စုံတစ်ရာမတွေ့ရှိရသည့်အပြင်မြို့နယ်/ရပ်ကျေးအစည်းအဝေးများသို့အကြိမ်ကြိမ်တင်ပြတောင်းဆိုမှုရှိနေသည့်အတွက်ယခုလိုထပ်မံမေးမြန်းရခြင်းဖြစ်ပါကြောင်း၊

မြစ်ချောင်းပေါများသောမိမိတို့နိုင်ငံတွင် မြစ်ရေတိုက်စားကမ်းပြိုမှုများသည် မထူးဆန်းသည့်ဖြစ်စဉ်ဖြစ်ပြီး စေတီပုထိုး၊ လမ်း၊ တံတား၊ စိုက်ပျိုးမြေများပျက်စီးဆုံးရှုံးနေရသည့်ဖြစ်စဉ်များကိုနိုင်ငံတစ်ဝန်းတွင်ကြုံတွေ့ခံစားနေရသည်ကိုကြားသိတွေ့မြင်နေကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ဝန်ကြီးဌာနကလည်း ဘတ်ဂျက်များလျာထားပြီး ဘတ်ဂျက်ရရှိမှုအပေါ်မူတည်ပြီး ဦးစားပေးအစီအစဉ်များနှင့် ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့ဒေသ၏ဖြစ်စဉ်သည် ဟိုပန်မြို့နှင့် ကွမ်းလုံမြို့ကို နယ်နိမိတ်အဖြစ် ဖြတ်သန်းစီးဆင်းနေသော နမ့်တိန် ချောင်းရှိ ဟိုပန်မြို့နယ်ဘက်ခြမ်းကို ဘတ်ဂျက်လျာထားဆောင်ရွက်လိုက်ရာ ကွမ်းလုံမြို့နယ်ဘက်ခြမ်းကို ချောင်းရေပိုမိုတိုက်စားလာပါကြောင်း၊ ဘတ်ဂျက်အကန့်အသတ်ဖြင့် ဆောင်ရွက်နေရသည့် ဝန်ကြီးဌာန၏အခြေအနေနှင့် ရေတိုက်စား၍ စိုက်ပျိုးမြေများဆုံးရှုံးပြီး စားဝတ်နေရေး ခက်ခဲလာနိုင်သည့် ပြည်သူများ၏စိုးရိမ်ပူပန်နေရသည့်အခြေအနေသည် အမှန်တရားနှစ်ခု တိုက်ဆိုင်လာသောအခြေအနေမျိုးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍မိမိအနေနှင့်သက်ဆိုင်ရာဝန်ကြီးဌာနက နောက်ဆုံးဖြစ်ပေါ်နေသည့်အခြေအနေများကိုထပ်မံကွင်းဆင်းစစ်ဆေးတိုင်းတာပြီး အရေးတကြီးလိုအပ်နေသည့်နေရာများကို အမြန်ဆုံးဘတ်ဂျက်လျာထား ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် ကမ်းပြိုကာကွယ်မှုအစီအမံ ဆောင်ရွက်မထားသေးသည့်ကွမ်းလုံမြို့နယ်ဘက်ခြမ်းကိုယခင်ပြန်ကြားထားမှုအပေါ်မည်သို့စီမံဆောင်ရွက်ပေးသည်ကိုသိလိုပါသဖြင့် မေးမြန်းပါသည်