(က)-မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲအက်ဥပဒေများသည် လွတ်လပ်ရေးမရမီက ရေးဆွဲပြဋ္ဌာန်းသည့် ဥပ‌ဒေများဖြစ်ပြီး ယခုကာလနှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေကို မည်သည့်အချိန်တွင် ရေးဆွဲပြဋ္ဌာန်းမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(က)-မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲအက်ဥပဒေများသည် လွတ်လပ်ရေးမရမီက ရေးဆွဲပြဋ္ဌာန်းသည့် ဥပ‌ဒေများဖြစ်ပြီး ယခုကာလနှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေကို မည်သည့်အချိန်တွင် ရေးဆွဲပြဋ္ဌာန်းမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ အေးချမ်းစွာသွားလာနေထိုင်ရေး၊ လုပ်ကိုင်စား‌သောက်နိုင်သည့် လူမှုဘဝပတ်ဝန်းကျင်ဖြစ်ရေးအတွက် တာဝန်ယူဆောင်ရွက်နိုင်သည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် ၁၈၉၉ ခုနှစ်၊ ရန်ကုန်ရဲအက်ဥပဒေ၊  ၁၉၄၅ ခုနှစ်၊ ရဲအက်ဥပဒေ၊ ၁၉၉၅ ခုနှစ်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့စည်းကမ်းထိန်းသိမ်းရေးဥပဒေများအပါအဝင် တည်ဆဲဥပဒေများအားလုံးကို လိုက်နာရပါကြောင်း၊ ရဲအက်ဥပဒေများသည် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီကာလ ပြဋ္ဌာန်းထားသည့်ဥပဒေများဖြစ်ပြီး ထိုပြဋ္ဌာန်းချက်များအနက် အချို့ပြဋ္ဌာန်းချက်များသည် လက်ရှိကာလနှင့် ကိုက်ညီမှုမရှိတော့ သဖြင့် လက်ရှိနှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်လိုအပ်‌ကြောင်း ၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၉၂ တွင် နိုင်ငံ့ဝန်ထမ်းဖြစ်သည့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ ထူးခြားသည့်လုပ်ငန်းသဘောသဘာဝအရ ၎င်းတို့နှင့်ပတ်သက်၍ သီးခြားဥပဒေ  ပြဋ္ဌာန်းဆောင်ရွက်ရမည်ဟု ဖော်ပြသည်ကိုတွေ့ရှိရပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ရှေ့သို့ဆောင်ရွက်ရမည့် ရဲတပ်ဖွဲ့ဆိုင်ရာဥပဒေသည် လက်ရှိကာလအခြေအနေနှင့် လိုအပ်ချက်များ၊ အားနည်းချက်များရှိနေသဖြင့် ပြည်သူလူထုအတွက် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ပြည့်ပြည့်ဝဝဆောင်ရွက်ပေးနိုင်မှုမရှိခြင်း၊ လုပ်ငန်းစွမ်းရည်ကျဆင်းလာခြင်း၊ အကျင့်ပြခြစားမှုနှင့် အဂတိလိုက်စားမှုများပြားလာပြီး တရားဥပဒေ စိုးမိုးမှုအားနည်းလာပါကြောင်း၊ ထိုသို့ဖြစ်လာပါက လူထုမှ ရဲတပ်ဖွဲ့အပေါ် ယုံကြည်အားကိုးမှု များလျော့နည်းလာ၍ ရဲလုပ်ငန်းတွင် ပြည်သူလူထုမှပူးပေါင်းဆောင်ရွက်မှုများ လျော့နည်းကျဆင်း လာပြီး ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှုအားနည်းလာမည်ဖြစ်ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေသည် ဥပဒေကြမ်းရေးဆွဲပြီးဖြစ်သော်လည်း ယနေ့အထိ ပြဋ္ဌာန်းနိုင်ခြင်း မရှိဘဲ ကြန့်ကြာနေသည့်ကိစ္စဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဥပဒေကြမ်းကို ၂၀၁၅ ခုနှစ်မှစ၍  ရေးဆွဲခဲ့ပါကြောင်း၊ အဆိုပါဥပဒေကြမ်းအား ၂၀၁၇ ခုနှစ်  မတ်လမှစ၍ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီမှ ဦးဆောင်ပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊  ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အရာရှိကြီးများပါဝင်သည့်အဖွဲ့နှင့်လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များကို အခါအားလျော်စွာဖိတ်ကြား၍ ပါဝင်ဆွေးနွေးခြင်းဖြင့်လည်းကောင်း၊ ကဏ္ဍပေါင်းစုံမှ ဆွေးနွေးအကြံပြုချက်များအရ ၂၀၁၈ ခုနှစ်  မတ်လတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကြမ်းကို ရေးဆွဲ နိုင်ခဲ့ပါကြောင်း၊ ထိုဥပဒေကြမ်းအား ဥပဒေပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းစဉ်များအတိုင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ဥပ‌ဒေရေးရာအကြံ‌ပေး ကော်မတီအစည်းအဝေးသို့ တင်ပြချက်များရယူခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အကြံပြုချက် များတောင်းခံ၍ အကြံပြုချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီးဖြစ်သော်လည်း ထိုဥပဒေကြမ်းမှာ  ယနေ့အထိ လွှတ်တော်များသို့ ရောက်ရှိလာခြင်းမရှိသဖြင့် ဆွေးနွေးအတည်ပြုနိုင်ခြင်း မရှိသည်ကိုသိရှိရပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေသည် ယခုလက်ရှိကာလအခြေအနေအရလည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၉၂ အရလည်းကောင်း ပြဋ္ဌာန်းရန်လိုအပ်သည့် ဥပဒေဖြစ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက် ပထမအကြိမ် လွှတ်တော်သက်တမ်း ငါးနှစ်ကာလ၌လည်းကောင်း၊ ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ယနေ့အထိလည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များက မေးခွန်းများ မေးမြန်းခဲ့ရာတွင် ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဥပဒေကို ရေးဆွဲ နေကြောင်း အကြိမ်ကြိမ်ပြောကြားနေသည်ကို ‌တွေ့ရပါကြောင်း၊ ဥပဒေကြမ်းရေးဆွဲနေသည်မှာ ငါးနှစ်ခန့်ရှိသည့်အပြင် ‌ရေးဆွဲပြီးသည့်ဥပဒေကြမ်းအား ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့  အကြံပြုချက် များတောင်းခံ၍ အကြံပြုချက်များအရ လိုက်နာဆောင်ရွက်ပြီးဖြစ်သော်လည်း ယနေ့အထိ လွှတ်တော် များသို့ ရောက်ရှိဆွေးနွေးနိုင်ခြင်းမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲများ ကျင်းပရန်  အချိန်များနီးကပ်လာပြီဖြစ်၍ တိုင်းပြည်အေးချမ်းသာယာရေးနှင့် တရား  ဥပ‌ဒေစိုးမိုးရေးကို တာဝန်ယူဆောင်ရွက်နေသည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲအက်ဥပဒေများသည် လွတ်လပ်ရေးမရမီက ရေးဆွဲပြဋ္ဌာန်းသည့် ဥပ‌ဒေများဖြစ်ပြီး ထိုဥပဒေ များ သည် လက်ရှိကာလနှင့်  မကိုက်ညီတော့သဖြင့် ယခုကာလနှင့်ကိုက်ညီသည့် ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေကို မည်သည့်အချိန်တွင် ရေးဆွဲပြဋ္ဌာန်းမည်ကို သိရှိလိုကြောင်းမေးမြန်းပါသည်။