(ဂ)-တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ဆည်၏ လက်ယာမြောင်းမကြီးပေါ်မှဖြတ်၍ Flume များကို လိုအပ်သလို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဂ)-တောင်တွင်းကြီးမြို့နယ်ရှိ ရန်ပယ်ဆည်၏ လက်ယာမြောင်းမကြီးပေါ်မှဖြတ်၍ Flume များကို လိုအပ်သလို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိမဲဆန္ဒနယ်ရှိ ရန်ပယ်ဆည်ကြီးတွင် ရေပေးဝေသည့် လက်ဝဲမြောင်း၊ လက်ယာမြောင်း ဟူ၍ရှိပြီး လက်ယာမြောင်းမကြီးသည် တောင်တွင်းကြီးမြို့နယ်ကို အရှေ့တောင်အရပ်မှ အနောက်မြောက်အရပ်ကိုဖြတ်သန်း ဖောက်လုပ်ထားပြီး အရှည် ၁၄ မိုင်နီးပါးရှိပါကြောင်း၊ ရေလွှဲ လက်တံ DY ၁၃ ခုရှိသော်လည်း အမှန်တစ်ကယ်ရေပေးဝေနိုင်ခြင်းသည် DY3 နှင့် DY4 သာဖြစ်ပါကြောင်း၊ မိုးနည်းရေရှားမှုကြောင့်လည်း ဆည်အတွင်းသို့ ရေဝင်ရောက်နိုင်မှုအလွန်နည်းပြီး ကျန်သည့် DY ၁၀ ခုကို ရေမပေးဝေနိုင်ပါကြောင်း၊ လက်တွေ့ သုံးမရသော DY များဖြစ်နေခြင်းသည် နှစ်ပေါင်းများစွာကြာပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၎င်းဆည်ကြီးဆောက်၍ မြောင်းကြီးဖောက်ပြီး ကတည်းက မြောင်းအောက်ပိုင်းရှိ စပါးစိုက်တောင်သူအချို့ ဒုက္ခရောက်ကြရပါကြောင်း၊ ထို့အပြင်ဆည်ကြီးရှိ လက်ယာမြောင်းမကြီး၏လက်ယာဘက်မှ စီးဆင်းလာသည့် ပဲခူးရိုးမပေါ်မှ စီးကျလာသည့် ချောင်းများ၊ ရိုးများ၏ရေများသည် လက်ယာမြောင်းမကြီး၏ မြောင်းပေါင် ကြီးများကို ကျော်ဖြတ်နိုင်ခြင်းလုံးဝမရှိပါကြောင်း၊ ထို့ကြောင့်လက်ယာမြောင်းမကြီး၏အရှေ့ဘက်ခြမ်း မှ တောင်သူများ သည် ဆည်ရေမရသော်လည်း သဘာဝချောင်းရေ၊ ရိုးရေများရပြီးစပါးစိုက်နိုင် ကြသော်လည်း လက်ဝဲဘက်ခြမ်းသည် မိုးကောင်းမှသာစပါးစိုက်နိုင်ကြပါကြောင်း၊ မိမိတို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ၎င်းလက်ယာမြောင်းမကြီးပေါ်မှ ဖြတ်ပြီး လွန်ခဲ့သည့်နှစ်များက Flume ဟုခေါ်သည့် ရေသွယ်လျှောက်များကို ဆောက်လုပ်တပ်ဆင်ပေးနိုင်ခဲ့ပါကြောင်း။
ထို့ကြောင့်လယ်ဧကများစွာရေငတ်ခြင်းဘေးမှကင်းဝေးပြီး လယ်သမားများစွာစိတ်ချမ်းသာခဲ့ရပါကြောင်း၊ နှစ်ပေါင်းများစွာ ရွှေကိုမလိုရေကိုလိုသော တောင်သူလယ်သမားများ၏ ဘဝအမောကို ဖြေဖျောက်ပေးနိုင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင် Flume များတည်ဆောက်ပြီးစီးခဲ့ပါသော်လည်း အခြားလိုအပ်သောနေရာများ ကျန်ရှိနေပြီး ဒေသခံတောင်သူ လယ်သမားများကလည်း မိမိတို့ လွှတ်တော်ကိုယ်စားလှယ်များထံ Flume များထပ်မံပြီးတည်ဆောက်ပေးရန် တောင်းဆိုလျက်ရှိပါကြောင်း၊ ထို့ကြောင့်ဆည်ရှိပြီးရေမရ၊ မြောင်းရှိပြီးရေမရှိသည့် နာမည်ကျော် ရန်ပယ်ဆည်ကြီး၏ လက်ယာမြောင်းမကြီးကိုဖြတ်ပြီး ရေငတ်နေသည့် တောင်သူလယ်သမားများအတွက် ရေသွယ်လျှောက်ကြီးများကို လယ်သမားများ၏ဆန္ဒကိုဖြည့်စွမ်းနိုင်ရန်အတွက် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိမေးမြန်းပါသည်။