(ဈ) အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော် အဝင်လမ်းအား မည်သည့်အချိန်တွင် ဖောက်လုပ်ခွင့်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဈ) အမရပူရမြို့နယ်၊ ဆင်ရွာမြင်းမှူးကျေးရွာရှိ ဝေရောစနကျောက်စိမ်းစေတီတော် အဝင်လမ်းအား မည်သည့်အချိန်တွင် ဖောက်လုပ်ခွင့်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာတွင် တည်ထားကိုးကွယ်သော ဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီးသည် မြန်မာပြည် တစ်ဝန်းသာမက နိုင်ငံတကာ ကပါသိရှိပြီး ထင်ရှားကျော်ဇောသည့် စေတီတော်မြတ်ကြီးတစ်ဆူ ဖြစ်ပါကြောင်း၊နိုင်ငံတကာနှင့် အနယ်နယ်အရပ်ရပ်မှ နေ့စဉ်ဘုရားဖူးဧည့်သည် ၁၅,၀၀၀ မှ ၂၀,၀၀၀ အထိ နေ့စဉ်လာရောက် ဖူးမြော် လျက်ရှိပါကြောင်း၊ ဘုရားကြီးနယ်မြေအတွင်း အဝေးမှလာရောက်သည့် ဘုရားဖူးဧည့်သည် ၆၀၀ ခန့် ဈေးနှုန်းသက်သာစွာဖြင့် တည်းခိုနိုင်မည့် အဆင့်မြင့်အအေးခန်း တည်းခိုဆောင်များလည်းရှိပါ ကြောင်း၊စေတီတော်မြတ်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်း၏ ချဉ်းကပ်လမ်းဖြစ်သော စဉ့်အိုးဖို အဝိုင်းနှင့် တံခွန်တိုင်ဝိုင်းတို့ကို ဆက်သွယ်ထားသည့် လမ်းမပေါ်တွင် တည်ရှိပြီး တခြား တစ်ဘက် တွင် မြစ်ငယ်-ထုံးဖိုလမ်းရှိသော်လည်း စေတီတော်ကြီးဆီသို့ ရန်ကုန်-မန္တလေး အမြန်လမ်း၏ ချဉ်းကပ်လမ်းမှ စေတီတော်သို့ အဝင်လမ်းဖောက်လုပ်ခွင့်မရရှိခဲ့ပါသဖြင့် စဉ့်အိုးဖို အဝိုင်းမှပတ်၍ အိုးဖိုတန်း-မြစ်ငယ်-ထုံးဖိုလမ်းမှဝင်ရသဖြင့် အသွား/အပြန် ၁၃ မိုင် ခန့်ပို၍ သွားလာနေရပါကြောင်း၊ အကယ်၍ ရန်ကုန်-မန္တလေးအမြန်လမ်း၏ချဉ်းကပ်လမ်းဖြစ်သော ဆေးအိုးဖို-တံခွန်တိုင်လမ်း၏ မိုင်တိုင်အမှတ်(၃၆၁/၂)နှင့်(၃၆၁/၃)ကြားမှဝင်လျှင် ပေ ၁၀၀ ကျော် ခန့်သာဝင်ရသဖြင့် ရပ်ဝေးမှ လာသော ဘုရားဖူးဧည့်သည်များအနေဖြင့် များစွာအဆင်ပြေမည် ဖြစ်သည့်အပြင် လမ်းဖောက် လုပ်ရန် ကုန်ကျစရိတ်ကို လှူဒါန်းမည့် အလှူရှင်များလည်း အဆင်သင့်ရှိပါကြောင်း၊ ဆရာတော်၊ သံဃာတော်များ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူဧည့်သည်များကလည်း မိမိအား မကြာခဏ လမ်းဖောက်လုပ်ခွင့်တောင်းခံပေးပါရန် အကြိမ်ကြိမ်တောင်းဆိုလျက်ရှိသဖြင့် သက်ဆိုင်ရာသို့ တင်ပြ တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ အကြောင်းပြန်ကြားခြင်း မရရှိသေးပါကြောင်း၊
သို့ပါ၍ ရန်ကုန်-မန္တလေးအမြန်လမ်းသို့ ချဉ်းကပ်လမ်း ဆေးအိုဖိုးအဝိုင်းနှင့် တံခွန်တိုင်အဝိုင်း မိုင်တိုင်(၃၆၁/၂)နှင့် (၃၆၁/၃)ကြားရှိ စေတီတော်သို့အဝင်လမ်းအား မည်သည့်အချိန်တွင် ဖောက်လုပ် ခွင့်ရမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။