(င)-ပင်လယ်ရေတိုက်စားခံကျေးရွာများရှိ ကမ်းပြိုတားတမံများကို ရေရှည်တည်တံ့ခိုင်ခံ့ရန်အတွက် ပညာရှင်များဖြင့် လေ့လာတွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
(င)-ပင်လယ်ရေတိုက်စားခံကျေးရွာများရှိ ကမ်းပြိုတားတမံများကို ရေရှည်တည်တံ့ခိုင်ခံ့ရန်အတွက် ပညာရှင်များဖြင့် လေ့လာတွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပင်လယ်ရေတိုက်စား၍ ပျက်စီးသွားသောကမ်းပြိုတားတမံများကို နည်းပညာမရှိဘဲ မွမ်းမံရုံဖြင့် ရေရှည်ခိုင်ခံ့ရန် မဖြစ်နိုင်ပါကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် ကမ်းပြိုကာကွယ်သည့် နည်းစနစ်များကိုလေ့လာပြီး စနစ်တကျတည်ဆောက်မှသာ ရေရှည်ခိုင်ခံ့မည်ဖြစ်ပါကြောင်း၊ ပေါင် မြို့နယ်အတွင်းရှိ အလှပ်ကျေးရွာနှင့် ဒေးကင်းကျေးရွာတို့သည် နှစ်စဉ် ပင်လယ်ရေတိုက်စား၍ ကမ်းပြိုသည့်ဒဏ်ကို ခံစားနေရပါကြောင်း၊ ပင်လယ်ရေတိုက်စားသည့်ဒဏ်ကြောင့် ပျက်စီးသွားခဲ့ သည့် ကမ်းပြိုမှုကို ၂၀၁၆-၂၀၁၇ ဘတ်ဂျက်နှစ်တွင် ကျပ်သိန်း ၄၅၀၀ ကုန်ကျခံပြီး တည်ဆောက်ခဲ့ ပါသော်လည်း သုံးလခန့်သာကြာပြီး ပြိုပျက်ပျက်စီးခဲ့ရပြီး ပြန်လည်ထိန်းသိမ်းရန် ဘတ်ဂျက်ကျပ် သိန်း ၆၀၀ ထပ်မံချပေးခဲ့သော်လည်း ထူးခြားမှုမရှိပါကြောင်း၊ နှစ်စဉ် ပြုပြင်ထိန်းသိမ်းစရိတ် သိန်း ၄၀၀ နှစ်စဉ် ချပေးခဲ့သော်လည်း ယနေ့အချိန်ထိ စိတ်ချရသည့်အခြေအနေ မဖြစ်သေးပါဘူးကြောင်း၊ အလားတူပဲ ဒေးကင်းကျေးရွာသည်လည်း ပင်လယ်ရေတိုက်စားခြင်းကြောင့် ကမ်းပြိုမှုကို ကာကွယ် ရန် မြေသားတမံကို ကျပ်သိန်း ၂၅၀၀ ကို ၂၀၁၈-၂၀၁၉ ဘတ်ဂျက်ဖြင့် ချပေးခဲ့သော်လည်း ကမ်းပြို ခြင်းကို တားဆီး၍မရပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တတ်သိပညာရှင်များရှိသော်လည်း ခေတ်မီ နည်းပညာအားနည်းချက်ကြောင့် နည်းဟောင်းအတိုင်းသာ ဆက်လက် ဆောင်ရွက်နေရသည့် အတွက် ရေရှည်ခိုင်ခံ့မှုမရှိဘဲ ဖြစ်နေပါကြောင်း၊ ကျောက်စီနံရံအဖြစ် တည်ဆောက်ခြင်း၊ ကျောက် တုံးများချပြီး ကာကွယ်နေသည့်နည်းသည် ပင်လယ်ရေတိုက်စားသည်ကို ကာကွယ်၍မရပါ ကြောင်း၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့်နည်းများဖြင့် တည်ဆောက်မှသာ ဘတ်ဂျက်လေလွင့်မှု ကို လျော့နည်းစေမည်ဖြစ်ပါကြောင်း၊
ယခ ုနိုင်ငံတကာတွင် ကျင့်သုံးနေသော ကမ်းပြိုကာကွယ်သည့်နေရာတွင် ထိရောက်သော Geo Tube သုံးနည်း၊ Geo Formas သုံးနည်း၊ Plastic Sheet Pile သုံး၍ ကာကွယ်နည်းများကို သုံးစွဲနေကြသည်မှာ ကြာမြင့်နေပါပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူး မြို့နယ်၊ ထီးကုန်းကျေးရွာတွင် ကမ်းပြိုတာကို Geo Formas နည်းဖြင့် တည်ဆောက်ထားတာကို တွေ့ခဲ့ရပြီး ဤနည်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးစွဲသင့်ပါကြောင်း၊ ဘတ်ဂျက်အနေဖြင့် ကြည့်မည်ဆိုပါက အလှပ်ကျေးရွာ ကမ်းပြိုကာကွယ်သည့်နေရာတွင် Geo Tube နည်းဖြင့် သုံးမည် ဆိုပါက ပေ ၁၀၀၀ အရှည်၊ ၁၀ ပေ တာရိုးအမြင့်ကို တည်ဆောက်ကုန်ကျစရိတ်သည် ကျပ် ၃၉၁.၄ သန်းသာ ကုန်ကျမှာဖြစ်ပြီး တည်ဆောက်ချိန်က သုံးလကြာမြင့်မည်ဖြစ်ပြီး နှစ် ၅၀ ကြာရှည် ခံမည် ဟုလည်း တွက်ချက်ခဲ့ကြပါကြောင်း၊ ယခင်နည်းဟောင်းအတိုင်း သဲဖြည့်ကျောက်စီ ကုန်ကျစရိတ် သည် ကျပ်သိန်း ၈၅၀ ကုန်ကျသော်လည်း တစ်နှစ်သာ ကြာရှည်ခံမည်ဖြစ်ပါကြောင်း၊ ဒေးကင်း ကျေးရွာလိုမျိုး ကမ်းပြိုကာကွယ်သည့်နေရာတွင် Geo Formas နည်းဖြင့် သုံးစွဲပါက ကမ်းအရှည်ပေ ၁၆၀၀၊ အမြင့် ၁၅ ပေ ကို Formas အရှည် ပေ ၅၀ ဖြင့် ကုန်ကျစရိတ်က ကျပ် ၅၇၁ သန်းသာ ကုန်ကျပြီး တည်ဆောက်ချိန်က သုံးလကြာမြင့်မည်ဖြစ်ပြီး နှစ် ၅၀ ကြာရှည်ခံမည်ဖြစ်ပါကြောင်း၊ ယခင် နည်းဟောင်းအတိုင်းတည်ဆောက်မည်ဆိုပါက ပေ ၁၀၀ ကို ကျပ်သိန်း ၅၀၀ ကုန်ကျမည် ဖြစ်ပြီး အလွန်ဆုံးငါးနှစ်သာ ကြာရှည်ခံမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရေရှည်ခိုင်ခံ့ ကောင်းမွန်စေ ရန်အတွက် ပညာရှင်များ၏လေ့လာတွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက်ပေးနိုင် မှသာ နိုင်ငံတော်၏ဘတ်ဂျက်အလေအလွင့်သက်သာပြီး ပြည်သူများလည်း စိတ်အေးချမ်းသာစွာ နေထိုင်မည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ပင်လယ်ရေတိုက်စားခံကျေးရွာများရှိ ကမ်းပြိုတားတမံများကို ရေရှည်တည်တံ့ခိုင်ခံ့ရန် အတွက် ပညာရှင်များဖြင့် လေ့လာတွေ့ရှိချက်အပေါ် ခေတ်မီနည်းပညာဖြင့် တည်ဆောက်ပေးနိုင် ခြင်းရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။