(ဃ)-ကျောက်နွားသိုးဆည် (ခ) မန်းတမံမှ ကျူ့ဆက် (၃၀၀)ခန့် ရေလွှတ်နိုင်သော ရေလွှတ်ပေါက်တစ်ခုကို လာမည့်နွေရာသီတွင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(ဃ)-ကျောက်နွားသိုးဆည် (ခ) မန်းတမံမှ ကျူ့ဆက် (၃၀၀)ခန့် ရေလွှတ်နိုင်သော ရေလွှတ်ပေါက်တစ်ခုကို လာမည့်နွေရာသီတွင် ထပ်မံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ တောင်သူများသည် စိုက်ပျိုးရေရရှိရေးအတွက် အိုင်းမဆည်ကို အဓိကအားကိုးပြီး စိုက်ပျိုးနေကြရခြင်းဖြစ်ပါကြောင်း၊ အိုင်းမဆည်စ၍ တည် ဆောက်အချိန်တွင် မြောက်မန်း မြောင်းမကြီးသာတည်ရှိပြီး တောင်သူများရေရရှိမှု အဆင်ပြေခဲ့ကြ ပါကြောင်း၊ နောက်ပိုင်းတွင် မိမိတို့ တောင်မန်းမြောင်းမကြီးကိုတိုးချဲ့ပြီး ရေသွင်းစိုက်ပျိုးမြေကို တိုးချဲ့ဆောင်ရွက်ခဲ့သည့်အတွက် အိုင်းမဆည်မှ မြောင်မန်းမြောင်းမကြီးအပြင် တောင်မန်းမြောင်းမ ကြီးနှင့် ကုလားဟောင်းမြောင်းတို့ကိုပါ ရေပေးဝေလျက်ရှိရာ ယခင်က မိုးရာသီတွင် စိုက်ပျိုးရေရရှိမှု အသင့်အတင့် အဆင်ပြေခဲ့သော်လည်း ယခုနှစ်တွင် ပျိုးထောင်ရေကတည်းက အဆင်မပြေ ဖြစ်နေခဲ့ ပါကြောင်း၊ နောက်သီးနှံအောင်ရေရရှိရေးအတွက် ရေပေးဝေရာတွင်လည်း နှစ်စဉ်ရေလုံလောက် မျှတစွာ ပေးဝေနိုင်ခြင်းမရှိသည့်အတွက် တောင်သူများနှင့် အကြိမ်ကြိမ်ဆွေးနွေးပြီး အဖြေရှာခဲ့ကြ ရပါကြောင်း၊ အကြောင်းအရင်းမှာ မိမိတို့ ကျောက်နွားသိုးဆည် (ခ) မန်းတမံမှ ကျူ့ဆက် (၅၀၀) ခန့် ရေပေးဝေနိုင်သော်လည်း ပန်းထိမ်းမန်းမှရေကူမှသာလျှင် အဆင်ပြေခဲ့ကြပါကြောင်း၊ ထိုသို့ ပန်းထိမ်းမန်းမှ ရေမကူသည့်အခါတွင် စိုက်ပျိုးသီးနှံများအောင်မြင်ရေးအတွက် ရေလုံလောက်စွာ ပေးဝေနိုင်ရန်အတွက် မန်းတမံမှ ကျူ့ဆက် (၃၀၀) ခန့် ထပ်မံလွှတ်နိုင်သည့် ရေထွက်ပေါက်တစ်ခု ထပ်မံ တည်ဆောက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊

ကျောက်နွားသိုးဆည် ရေထွက်ပေါက်မှ အိုင်းမဆည်ကို ရေလွှတ်သည့်အခါ ရေနည်းသည့်အချိန်တွင် ကျူ့ဆက် (၃၀၀) ခန့် ထပ်ပြီး လွှတ်နိုင်သည့်အပေါက်ဖောက်ရန်အတွက် အဆင်ပြေသည့်အချိန် ဖြစ်ပါကြောင်း၊ ထိုအချိန်တွင် ဖောက်မည်ဆိုပါက ဒေသခံတောင်သူများအတွက်လည်း စိုက်ပျိုးရေ အခက်အခဲ မဖြစ်နိုင်သည့်အခြေအနေ ဖြစ်ပါကြောင်း၊ ရေလွှတ်ပေါက်မှ ရေပေးဝေမှုအခြေအနေကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆည်မြောင်ဦးစီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကွင်း ဆင်းပြီး လေ့လာခဲ့ပါကြောင်း၊  မန်းတမံမှ ရေထွက်ပေါက်တစ်ခုသာ ထပ်မံတည်ဆောက်ပြီး အိုင်းမ ဆည်မှ ရေပေးဝေသည့်မြောင်းမကြီးကိုပြင်၍ ရေလွှတ်ရန်လိုအပ်ပါက အရန်သင့်လွှတ်နိုင်မည် ဖြစ် ပါကြောင်း၊ ၎င်းအပေါက်သည် တစ်ခါမှမလှပ်ရသေးပါကြောင်း၊ ထို့ကြောင့် ကျောက်နွားသိုးဆည် (ခ) မန်းတမံမှ ကျူ့ဆက် (၃၀၀)ခန့် ထပ်မံ၍ ရေလွှတ်နိုင်သည့်ရေလွှတ်ပေါက်တစ်ခုကို လာမည့် နွေရာသီတွင် ထပ်မံတည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။