(စ)-ရန်ကင်းမြို့နယ်၊အမှတ်(၆)ရပ်ကွက်၊ရန်ငြိမ်းလမ်း၊မြေတိုင်းရပ်ကွက် အမှတ်(၈၇/ကံဘဲ့)တွင်တည်ရှိသည့်မြေကွက်အမှတ်(၂)မြေနေရာအားCommunity Centerနှင့်မြို့နယ်ခန်းမဆောက်လုပ်နိုင်ရန်ဝန်ကြီးဌာနလွှဲပြောင်း၍အသုံးပြုခွင့်ပေးနိုင်ခြင်း ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(စ)-ရန်ကင်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ရန်ငြိမ်းလမ်း၊ မြေတိုင်းရပ်ကွက် အမှတ်(၈၇/ကံဘဲ့)တွင် တည်ရှိသည့် မြေကွက်အမှတ်(၂)မြေနေရာအား ရန်ကင်းမြို့နယ်အတွက် Community Center နှင့် မြို့နယ်ခန်းမ ဆောက်လုပ်နိုင်ရန် ဝန်ကြီးဌာန လွှဲပြောင်း၍ အသုံးပြုခွင့် ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ပထမအချက် ရန်ကင်းမြို့နယ်သည် ရန်ကုန်မြို့၏ အချက်အခြာကျသည့် နေရာတွင်တည်ရှိပြီး ဧရိယာ ၁.၉၄ စတုရန်းမိုင် ကျယ်ဝန်းပြီး ၂၀၁၈ ခုနှစ် စာရင်းဇယားများအရ အိမ်ထောင်စု ၁၄,၅၀၀ ကျော် မှီတင်း နေထိုင်ကြသည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ယခင်က မိမိတို့ ရန်ကင်းမြို့နယ်တွင် မြို့နယ်ခန်းမ တစ်ခုရှိခဲ့သော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းက မူလတန်း ကြိုကျောင်းအဖြစ် ပြောင်းလဲအသုံးပြုခဲ့သည်ကို တွေ့ရပါကြောင်း၊ ရန်ကုန်မြို့နယ်အတွင်း မြို့နယ်များတွင် မြို့နယ်သူ မြို့နယ်သားများအတွက်အခမ်းအနားများ၊တွေ့ဆုံပွဲများနှင့်အခြားလူမှုရေးကိစ္စများအတွက် အသုံးပြုနိုင်သည့်မြို့နယ်ခန်းမများရှိကြပါကြောင်း၊ အနီးစပ်ဆုံး ပြောရမည်ဆိုပါက တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်စသည့် မြို့နယ်များတွင် တွေ့မြင်နိုင်ပါကြောင်း၊ မိမိ၏ မဲဆန္ဒနယ်ဖြစ်သည့် ရန်ကင်းမြို့နယ်တွင် မြို့နယ်ခန်းမနေရာရှိခဲ့သော်လည်း ဝန်ကြီးဌာန ပြောင်းလဲ သုံးစွဲထားခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယခင် မြို့နယ်ခန်းမ နေရာ ဖြစ်ပါကြောင်း၊

ဒုတိယအချက်သည် Community Centre နှင့် မြို့နယ်ခန်းမ ဆောက်လုပ်အသုံးပြုနိုင်မည့် မြေနေရာ ကိစ္စ ဖြစ်ပါကြောင်း၊ ရန်ကင်းမြို့နယ်သည် လူနေထူထပ်လာပြီး အများပြည်သူအတွက် အသုံးပြုရမည့် မြေနေရာလွတ်များရှားပါးလာပါကြောင်း၊ ရန်ကုန်တိုင်းတစ်တိုင်းလုံး၊ရန်ကုန် မြို့နယ်တွင် ကြုံတွေ့နေရသည့် ပြဿနာဖြစ်ပါကြောင်း၊ သို့သော် မိမိမေးခွန်းတွင်ပါသည့် ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရန်ငြိမ်းလမ်း၊ မြေတိုင်း အမှတ်(၈၇/ကံဘဲ့)တွင် တည်ရှိသည့် မြေနေရာသည် မူလက သစ်အရောင်းဆိုင် မြေနေရာဖြစ်ပြီး ခေတ်ကာလ ရွေ့လျားလာသည့်အတွက် သစ်ဆိုင်အဖြစ် အသုံးပြုခြင်း မရှိသည်မှာ နှစ်ကာလ များစွာကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊

တတိယအချက်သည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအောက်ရှိ ရန်ကင်းမြို့နယ်၏ ပြည်သူ့ စာကြည့်တိုက်သည် တောင်ဥက္ကလာပ မြို့နယ်အတွင်းကို ရောက်ရှိနေသည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဆိုင်ရာ လုပ်ငန်းများ ဖြစ်သည့် ပြည်သူ့စကားဝိုင်းများ၊ စာဖတ်ဝိုင်းများ ဆောင်ရွက်ကြခြင်းသည် ပထဝီ အနေအထားနှင့် မြို့နယ် အမည်နာမသည် လွဲချော်နေသလိုဖြစ်နေပါကြောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန‌သည် ဝန်ထမ်းများသည် အခေါ်အဝေါ်အားဖြင့် ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ ဝန်ထမ်းများဖြစ်ကြောင်း၊ သို့သော် ပထဝီ အနေအထားအရ ရုံးသွားတက်သည့်အချိန်တွင် တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့စာကြည့်တိုက် တွင်သွားပြီး အလုပ်လုပ်ရကြောင်း၊ ရုံးထိုင်ရခြင်းဖြစ်ကြောင်း၊ ၎င်းသည် မည်ကဲ့သို့မျှ မဖြစ်သင့်သည့် ကိစ္စဖြစ်ပါကြောင်း၊ ယခုမြေနေရာကိုသာ ဝန်ကြီးဌာနပြောင်းလဲအသုံးပြုခွင့်ရခဲ့မည်ဆိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအောက်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေ သည့် ပြည်သူ့စာကြည့်တိုက်များ အပါအဝင် Community Centre နှင့် မြို့နယ် ခန်းမကဲ့သို့ ပြည်သူ လူထုနှင့် ဆက်သွယ်ဆောင်ရွက်နိုင်မည့် မြို့နယ် ပြည်သူလူထုအတွက် လူမှုရေးရာ ကိစ္စရပ်များ အလို့ငှာ ဆုံရပ်အဖြစ်အသုံးချနိုင်ရန်အတွက် များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်အစိုးရမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးအကောင်အထည်ဖော်ရာတွင် ပြည်သူ လူထုနှင့် အုပ်ချုပ်ရေးဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြသည့် Town Hall Meeting များကို မကြာသေးခင် ကာလများမှစပြီး ဆောင်ရွက်မှုများ ရှိပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ အလေ့အထများ ကျင့်သုံးရာ နေရာများအဖြစ် Town Hall Meeting များကို ဆောင်ရွက်ရာတွင် Community Centre နှင့် မြို့နယ်ခန်းမကဲ့သို့ ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေး ဆက်သွယ် ဆောင်ရွက်နိုင်မည့် အများပြည်သူဆိုင်ရာ နေရာများလိုအပ်လျက် ရှိပါကြောင်း၊ ထို့ပြင် Myanmar Sustainable Development Plan(MSDP) ၏ မဏ္ဍိုင်(၁) ပန်းတိုင်(၁)ကို အထောက်အပံ့ ဖြစ်စေမည့် မဟာဗျူဟာ(၁.၅)တွင် ဖော်ပြပါရှိသည့် ပြည်သူအားလုံး အစိုးရနှင့် ဆက်သွယ်လုပ်ကိုင်နိုင်စွမ်း တိုးမြှင့်ခြင်းဆိုသည့် ခေါင်းစဉ်အောက်ရှိ မဟာဗျူဟာနှင့် သက်ဆိုင်နေ ခြင်း ဖြစ်ပါကြောင်း၊ ၎င်းမဟာဗျူဟာ၏ မဟာဗျူဟာရလဒ်များကို အထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်အတွင်း အမှန်တကယ် လိုအပ်လျက်ရှိသည့် အများပြည်သူ အသုံးပြုနိုင်မည့် မြို့နယ်ခန်းမ ဆောက်လုပ်နိုင်ရန်အတွက် ဝန်ကြီးဌာန ပြောင်းလဲ ခွင့်ပြုနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းပါသည်။