(င)-ရွာငံမြို့နယ်၊ မြို့ကြီးတောရ ကေလာသတောင် ကြိုးပြင်ကာကွယ်တော (၁၄၀၀)ဧကအား အစိုးရ အသိအမှတ်ပြု ကြိုးပြင်ကာကွယ်တောအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-05

(င)-ရွာငံမြို့နယ်၊ မြို့ကြီးတောရ ကေလာသတောင် ကြိုးပြင်ကာကွယ်တော (၁၄၀၀)ဧကအား အစိုးရ အသိအမှတ်ပြု ကြိုးပြင်ကာကွယ်တောအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့ကြီးတောရ သက်တော် (၉၄) နှစ်ရှိ ဆရာတော်ဘုရားကြီးမှ နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့်ရှောက်ထားသော ကေလာသတောင် ကြိုးပြင်ကာကွယ်တောအတွင်း ဓာတ်သတ္တုစမ်းသပ်ခွင့်ပြုထားခြင်း၊ သစ်၊ ဝါးများ ခိုးထုတ်ယူခြင်းများ လုပ်ဆောင်နေခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာပျက်စီးပြီး သဘာဝရေထွက်များ ခန်းခြောက်နေသည်ကို တွေ့ရပါကြောင်း၊

ဒေသခံပြည်သူများမှ ကြိုးပြင်ကာကွယ်တောလျှောက်ထားသည့်အချိန်တွင် ဓာတ်သတ္တုကုမ္ပဏီတစ်ခုသည် ဓာတ်သတ္တုစမ်းသပ်ခွင့် ဧက(၂၀၀) ခွင့်ပြုထားသည်ကို တင်ပြလိုပါကြောင်း၊ မြို့ကြီးတောရ ဆရာတော်ဘုရားကြီး၏ဩဝါဒဖြင့် ဒေသခံဦးဆောင်ကော်မတီအဖွဲ့မှ ဦးဆောင်၍ ကေလာသတောင် ကြိုးပြင်ကာကွယ်တောအား တရားဝင် ကြိုးပြင်ကာကွယ်တောအဖြစ် ရရှိရေးအတွက် မြို့ကြီးရွာ၊ ခံတောရွာ၊ ဆည်ရွာ၊ မြစ်ဆုံကျေးရွာများမှ ဒေသခံပြည်သူ ၂၈၀ ဦး လက်မှတ်ထိုး၍ နိုင်ငံတော်သို့ တင်ပြထားပြီးဖြစ်ပါကြောင်း၊ လက်ရှိအချိန်ထိရရှိခဲ့ခြင်း မရှိပါကြောင်း၊ ကေလာသတောင် ကြိုးပြင်ကာကွယ်တောအား နိုင်ငံတော်မှ အသိအမှတ်ပြုလက်မှတ်ရရှိပါက ကေလာသတောင် ကြိုးပြင်ကာကွယ်တောအတွင်းရှိ ရှားပါးသတ္တဝါများဖြစ်သည့် မျောက်၊ ဒေါင်း၊ ဂျီ၊ တောင်ဆိတ်၊ တောဝက်၊ ငှက်မျိုးစုံသတ္တဝါများအတွက် ကာကွယ်ထိန်းသိမ်း စောင့်ရှောက်နိုင်မည် ဖြစ်ပြီး သဘာဝရေထွက်များကိုလည်း ထိန်းသိမ်းကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွာငံမြို့နယ်၊ မြို့ကြီးတောရမှ သက်တော်(၉၄)နှစ်ရှိ ဆရာတော်ဘုရားကြီး နှစ်ပေါင်းများစွာ ထိန်းသိမ်းစောင့် ရှောက်ခဲ့သည့် ကေလာသတောင် ကြိုးပြင်ကာကွယ်တောအား နိုင်ငံတော်အစိုးရ အသိအမှတ်ပြု ကြိုးပြင်ကာကွယ်တော ရရှိရေးအတွက် သက်ဆိုင်ရာဌာနများသို့ တင်ပြထားသော်လည်း လက်ရှိ အချိန်ထိမရရှိခြင်းသည် မည်သည့်အတွက်ကြောင့် ကြန့်ကြာနေပါသနည်း။ မည်သည့်အချိန်တွင် ကြိုးပြင်ကာကွယ်တောအဖြစ် အသိအမှတ်ပြုလက်မှတ် ရရှိပါမည်နည်း။ အမြန်ဆုံး ဆောင်ရွက်ပေး ပါရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။