(ဂ)-၂၀၂၀ ပြည့်နှစ်အတွင်း အင်းစိန်မြို့နယ်အတွင်းရှိ လမ်းမီးများအားလုံး ထွန်းလင်းနိုင်ရေးကို အပြီးသတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(ဂ)-၂၀၂၀ ပြည့်နှစ်အတွင်း အင်းစိန်မြို့နယ်အတွင်းရှိ လမ်းမီးများအားလုံး ထွန်းလင်းနိုင်ရေးကို အပြီးသတ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် လမ်း၊ ရေမြောင်း၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီး စသည့်ကိစ္စများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်အခါတွင် မြို့နယ်အဆင့်၊ တိုင်းဒေသကြီး အဆင့်၊ ပြည်ထောင်စုအဆင့်တာဝန်ရှိပုဂ္ဂိုလ်များနှင့် အတတ်နိုင်ဆုံး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သည့်နည်းကို အသုံးပြုခဲ့သည့်အတွက် အောင်မြင်မှုများစွာရရှိခဲ့ပါကြောင်း၊ အထူးသဖြင့် လျှပ်စစ် ကဏ္ဍတွင် လျှပ်စစ်မီးအား အန္တရာယ်ကင်းစွာ၊ အပြည့်အဝသုံးစွဲနိုင်ရေးအတွက် အန္တရာယ်ရှိသည့် လျှပ်စစ်ဓာတ်အားကြိုးများ၊ ဓာတ်တိုင်များလဲလှယ်ခြင်း၊ ရှုပ်ထွေးဆားဗစ်ကြိုးများ ရှင်းလင်းခြင်း စသည့် ကိစ္စရပ်များ ဖြေရှင်းသည့်အခါတွင် နိုင်ငံတော်ဘတ်ဂျက်၊ သက်ဆိုင်ရာကော်မတီများ၏ ရင်းနှီးမြှုပ်နှံမှုများ တင်မက ဒေသခံပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေများဖြင့် ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင် အင်းစိန် မြို့နယ်အတွင်းရှိ ရှုပ်ထွေးဆားဗစ်ကြိုးများရှင်းလင်းမှုသည် ၉၅ ရာခိုင်နှုန်းခန့် အောင်မြင်စွာ ပြီးစီးခဲ့ပြီးဖြစ်ပါကြောင်း၊

တရားဥပဒေစိုးမိုးရေးကို အဓိကအထောက်အကူပြုသည့် အချက်သည် တစ်မြို့နယ်လုံး လမ်းမီး များမီးလင်းရေး ဖြစ်ပါကြောင်း၊ ဒုစရိုက်မှုအဖြစ်ကျူးလွန်သူများသည် အမှောင်ကိုအခြေခံပြီး ကျူးလွန်တက်ကြသည့်အတွက်  ခေတ်အဆက်ဆက်က လမ်းမီးများမီးလင်းရေးအတွက် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က လျှပ်စစ်မီးသီးဝယ်ပေးရပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) က ၎င်းမီးသီးများကိုတပ်ဆင်ပေး ခဲ့ခြင်းဖြစ်ပါကြောင်း၊ နှစ်ပေါင်းများစွာ ဌာနနှစ်ခုပေါင်းမှ လမ်းမီးလင်းရသည့် ရှုပ်ထွေးလွှဲမှားခဲ့သည့် စီမံခန့်ခွဲမှုများကို တွေ့ရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်များ၊ YCDC ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (YCDC) နှင့် ရန်ကုန်လျှပ်စစ်ဓာတ် အားပေးကော်ပိုရေးရှင်း (YESC) တို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သည့်အတွက် ယခုအခါတွင် လမ်းမီးများ မီးလင်းရေးသည် ၂၀၁၉ခုနှစ် ၊ မတ်လမှစပြီး ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းမှ တာဝန်ယူဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း၊ တာဝန်ယူပြီးတစ်နှစ်ကျော်အတွင်းတွင် ခေတ်အဆက်ဆက်က မီးမလင်းခဲ့သည့် အဓိက မိန်းလမ်းမကြီးများ အတိုင်းအတာတစ်ခုအထိ မီးလင်းခဲ့ပြီးဖြစ်ပါကြောင်း၊ သို့သော် လိုအပ်ချက်များ ရှိနေသေးပါကြောင်း၊ မိမိတို့မြို့နယ်ရပ်ကွက်၏ အဓိကလမ်းသွယ်ကြီးသုံးသွယ်ကြားတွင် မီးလင်းရန် ကျန်ရှိနေသေးသည်ကို စာရင်းဇယားများ၊ မြေပြင်အနေအထားအရ တွေ့နေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ဘတ်ဂျက်ဖြင့် အင်းစိန်မြို့နယ်အတွင်းရှိ အဓိကလမ်းများ၊ လမ်းသွယ်များနှင့် ရပ်ကွက်အတွင်းရှိ လမ်းများမီးထွန်းလင်းနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀ ပြည့်နှစ် အတွင်း အမြန်ဆုံးအပြီးသတ် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ နှင့် ဆောင်ရွက်ပေးမည် ဆိုပါက အမြန်ဆုံးဆောင်ရွက် ပေးရန်နှင့် မဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက် မဆောင်ရွက်ပေးနိုင်သည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။