(ခ)-ထန်တလန်မြို့အတွက် ၆၆ကေဗွီဓာတ်အားလိုင်း စီမံကိန်းတည်ဆောက်ခြင်းသည် မည်သည့်အချိန်တွင်ပြီးစီးမည်ကို သိလိုခြင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာများကိုပါ လျှပ်စစ်ဓာတ်အားလိုင်း ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
(ခ)-ထန်တလန်မြို့အတွက် ၆၆ကေဗွီဓာတ်အားလိုင်း စီမံကိန်းတည်ဆောက်ခြင်းသည် မည်သည့်အချိန်တွင်ပြီးစီးမည်ကို သိလိုခြင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာများကိုပါ လျှပ်စစ်ဓာတ်အားလိုင်း ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်သည် ရပ်ကွက် ၅ ခု၊ အုပ်စု ၃၆ ခု၊ ကျေးရွာပေါင်း ၈၆ ရွာရှိ၍ လူဦးရေအားဖြင့် ၅၅,၀၀၀ ဦးကျော်ဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ထန်တလန် မြို့နယ်သည် အိန္ဒိယ နိုင်ငံ၊ မီဇိုရမ်ပြည်နယ်နှင့် တစ်မြို့နယ်လုံး နယ်နိမိတ်ချင်းဆက်စပ်လျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိရွာတိုင်းတွင် လျှပ်စစ်မီးလင်းပြီး၊ ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မီးမလင်းနိုင်သေးပါသဖြင့် တစ်ဖက်နိုင်ငံမှ အထင်သေးခြင်းမခံရအောင်နှင့် မိမိတို့ဘဝ လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် လိုအပ်လျက်ရှိသောလျှပ်စစ်မီးကို အထူးဆောင်ရွက်ပေးရန် လိုအပ်နေသည်ကို ဒေသခံပြည်သူလူထုမှ တင်ပြလာကြပါကြောင်း၊
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဟားခါးမြို့မှ ထန်တလန်မြို့ထိ ၁၁ ကေဗွီဖြင့် ထန်တလန်မြို့တွင်း ၁၁ ကေဗွီဓာတ်အားဖြန့်ဖြူးရေးအတွက် ၇၄၄.၂၉၉ သန်းရန်ပုံငွေဖြင့် တည်ထောင်ဆောင်ရွက်ခဲ့ပြီး ယခုအခါတွင် ထန်တလန်မြို့ပေါ်သည် လျှပ်စစ်မီးသုံးစွဲနေရပြီဖြစ်ပါသဖြင့် ပြည်သူများဝမ်းသာပီတီ ဖြစ်နေကြပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဟားခါးရုံးခွဲမှ ထန်တလန်မြို့သို့ ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ၁၄.၅ မိုင် တည်ဆောက်ရန်အတွက် ရန်ပုံငွေကျပ် ၁,၁၄၀.၆၇၆ သန်းခွဲဝေချ ထားပြီးလုပ်ငန်း စတင်နေပြီဖြစ်ပါကြောင်း၊ ထန်တလန်မြို့နယ်၏ ပထဝီအနေအထားသည် ထန်တလန်မြို့ကိုဗဟိုပြု၍ တောင်ကြောရှစ်ခုဖြင့် ဖွဲ့စည်းထားရာ ၎င်းတောင်ကြောအလိုက် ကျေးရွာ များသို့ ဆက်သွယ်သည့်ကားလမ်းများ ဖောက်လုပ်ပြီးဖြစ်ပါကြောင်း၊ ကျေးရွာများသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးပါက ကျွမ်းကျင်သူများ၏ ညှိနှိုင်းချက်အရ အောက်ပါအတိုင်း သွယ်တန်း ပေးပါရန် တင်ပြလိုပါကြောင်း
(၁) ထန်တလန်မြို့မှ ကြောင်ထီးယားအုပ်စု၊ ဟရီဖီးအုပ်စု၊ ဇဲဖိုင်(က)အုပ်စု၊ တလန်ခွားအုပ်စု၊ ဘဲဟားရ်အုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်း၊(၂) ထန်တလန်မြို့မှ မှောင်တလန်အုပ်စု၊ လေတပ်(ခ) လမ်းခွဲမှ ခွာဘုံအုပ်စု၊ လောင်တလန်အုပ်စု၊ ငါဖိုင်ပီးအုပ်စု၊ ငဖိုင်သဲအုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်း၊ (၃) ထန်တလန်မြို့မှ ထွာလမ်အုပ်စု၊ ဆလင်းအုပ်စု၊ သီကီးရ်အုပ်စု၊ လူလ်ပီးလုံအုပ်စု၊ ရှာလမ်းအုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်း၊ (၄) ထန်တလန်မြို့မှ ထွာလမ် လမ်းခွဲမှ ထန်ဇာရ်အုပ်စု၊ ထာအိုအုပ်စု၊ ဘုန်တလန်အုပ်စု၊ ဆိုင်ကအုပ်စုများသို့ ဆက်သွယ်သည့် လမ်းကြောင်း၊ (၅) ထန်တလန်မြို့မှ ဆိုပွမ်းလမ်းခွဲ၊ ထန်ဇာရ်အုပ်စု၊ လုံလဲရ်အုပ်စု၊ ဒေါန်အုပ်စု၊ ဇန်တလန်အုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်း၊ ထန်တလန်မြို့မှ ဆိုပွမ်းလမ်းခွဲ၊ ဗန်ဇန်း အုပ်စု၊ တလန်ပီးအုပ်စု၊ လုံဒိန်းအုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်း၊ ထန်တလန်မြို့မှ ခွာဖိုး လမ်းခွဲ၊ လုံဇားရ်အုပ်စု၊ တလန်သဲအုပ်စု၊ တလန်ခွားအုပ်စု၊ သီခွန်းသွမ်းအုပ်စုများသို့ ဆက်သွယ်သည့် လမ်းကြောင်း၊ ကလေးမြို့မှ ခွာဟရန်းအုပ်စု၊ ထန်ဩအုပ်စု၊ ဖန်ထင်းအုပ်စု၊ ဆူရ်ငင်းအုပ်စု၊ အိုင်ဘူရ် အုပ်စု၊ လိုင်လင်းအုပ်စုများသို့ ဆက်သွယ်သည့်လမ်းကြောင်းများ ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ထန်တလန်မြို့အတွက် ၆၆ ကေဗွီဓာတ်အားလိုင်းစီမံကိန်း တည်ဆောက်ပေးခြင်းကို မည်သည့်အချိန်တွင် ပြီးစီးနိုင်မည်ကို သိရှိလိုခြင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာများကိုပါ ဓာတ်အား လိုင်းဖြန့်ဖြူးသွားရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။