(ည)- ထီးလင်းမြို့နယ်ရှိ အခြေခံပညာကျောင်းရှစ်ကျောင်းတွင် ကျောင်းဆောင်သစ်များ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ည)- ထီးလင်းမြို့နယ်ရှိ အခြေခံပညာကျောင်းရှစ်ကျောင်းတွင် ကျောင်းဆောင်သစ်များ တည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့မြို့နယ်အနေဖြင့် ကျောင်းဆောင်သစ်များကို တင်ပြရာတွင် လိုအပ်ချက်များနှင့်ပတ်သက်၍ လျာထားတောင်းခံသည့်အခါ အမျိုးသားစီမံကိန်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီများ၊ သက်ဆိုင်ရာဌာနအကြီးအကဲများကိုယ်တိုင်ကွင်းဆင်းပြီး အမှန်တကယ်လိုအပ်သည့် ကျောင်းများကို လျာထားတောင်းခံခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့တောင်းခံခဲ့သော်လည်း ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးမည့်တည်ဆောက်ပေးမှုများအားနည်းလွန်းသည့်အတွက် ယခုကဲ့သို့ မေးခွန်းမေးမြန်းရခြင်းဖြစ်ပါ ကြောင်း၊၂၀၁၉-၂၀၂၀ ခုနှစ်တွင် ထီးလင်းမြို့နယ်အနေဖြင့် ကျောင်း ၁၀ ကျောင်းကို ရွေးချယ်လျာ ထားခဲ့သော်လည်း ဝန်ကြီးဌာနအနေဖြင့် ထီးလင်း အ.ထ.က တွင် နှစ်ထပ် ဆောင်တစ်ဆောင်၊ ရေပုတ် အ.လ.က(ခွဲ)တွင် (၆၀ x ၃၀ ပေ) တစ်ဆောင် စုစုပေါင်း ကျောင်းဆောင်နှစ်ဆောင်သာ ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ ယခု ၂၀၂၀-၂၀၂၁ ခုနှစ်တွင်လည်း မြို့နယ်အနေဖြင့် အမှန်တကယ် လိုအပ်သည့် ကျောင်းရှစ်ကျောင်းကို လျာထားရွေးချယ်တင်ပြခဲ့သော်လည်း ညောင်ဟောင်းကျောင်း တစ်ကျောင်းတည်း သာလျှင် ရရှိခဲ့ပါကြောင်း၊ ထို့ကြောင့် ထီးလင်းမြို့နယ်တွင် ကျောင်းဆောင်သစ်များလိုအပ်လျက်ရှိပါကြောင်း၊ ယခုဆိုလျှင် ပိုဆိုးသည်မှာ COVID-19 ကူးစက် ရောဂါကာကွယ်တားဆီး နှိမ်နင်းနိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်နေရသည့် အတွက်ကျောင်းဆောင်လိုအပ်ချက်များ ပိုမိုရှိနေပါကြောင်း၊
ယခုလျာထားတင်ပြခဲ့သည့် ကျောင်းများဖြစ်သည့် အ.လ.က(ခွဲ)အိုင်းမ၊မူလွန် အညာဘန်း၊ အ.မ.က ထီးလင်း(၁)၊ အ.ထ.က ထီးလင်း၊ အ.လ.က(ခွဲ)ကန်သာ၊ မူလွန်သရခါစသည့် ကျောင်းများသည် အမှန်တကယ်လိုအပ်နေသည့်ကျောင်းများဖြစ်သည့်အတွက် ထီးလင်းမြို့နယ်တွင် အဓိကလိုအပ်နေသည့် ကျောင်းများကို ကျောင်းဆောင်သစ်ဖြည့်ဆည်းပေးနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် ဖြည့်ဆည်းပေးနိုင်ခြင်းရှိ/မရှိနှင့် အမှန်တကယ်ဖြည့်ဆည်းပေးနိုင်မည်ဆိုပါကမည်သည့်ဘဏ္ဍာရေးနှစ်တွင် ဖြည့်ဆည်းပေးနိုင်မည်ဆိုသည်ကိုလည်းကောင်း၊ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသေးပါ မည်သည့် အတွက်ကြောင့်ဖြစ်သည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။