(ဋ)-မရှိမဖြစ်လိုအပ်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန်မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ကျေးရွာအမည်များ လွဲမှားစွာဖြေကြားလာမှုကို သိလိုခြင်းနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ဋ)-မရှိမဖြစ်လိုအပ်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန်မေးခွန်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ ကျေးရွာအမည်များ လွဲမှားစွာဖြေကြားလာမှုကို သိလိုခြင်းနှင့်ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ခေါင်လန်ဖူးမြို့နယ်သည် တောင်ပေါ်ဒေသတွင် တည်ရှိသည့်အပြင် ဝေးလံခက်ခဲပြီး ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ရန် များစွာ လိုအပ်နေသေး သည့် မြို့နယ်တစ်မြို့နယ်လည်း ဖြစ်ပါကြောင်း၊ မိမိတို့ခေါင်လန်ဖူးမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေးအခက်အခဲကြောင့် တစ်ရွာနှင့်တစ်ရွာ၊ တစ်အုပ်စုမှတစ်အုပ်စုသို့ သွားလာရာတွင် ဒေသခံပြည်သူများ အလွန်ခက်ခဲစွာ သွားလာနေကြရသည်ကို တွေ့ရှိနေရပါကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုများတွင် နေထိုင်ကြသည့် ဒေသခံမိဘပြည်သူများ ကောင်းမွန်သည့် ကျန်းမာရေး စောင့်ရှောက်မှုရရှိရန်အတွက် များစွာအခက်အခဲရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ နယ်မြေ ကွင်းဆင်းဆောင်ရွက်သည့်အခါတွင်လည်း အမှန်တကယ် လိုအပ်လျက်ရှိသည်ကို တွေ့ရှိရပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအား ကျေးလက်ကျန်းမာရေးဌာနခွဲများ ဆောင်ရွက်ပေးရန်အတွက် မေးခွန်း မေးမြန်းခဲ့ရာ ကျေးရွာအမည်၊ အုပ်စုအမည်၊ ခရီးအကွာအဝေးများကို လွဲမှားစွာဖြေကြားလာသည်ကို တွေ့ရှိနေရပါကြောင်း၊
မိမိတို့မေးလိုသည်မှာ ဇီးထန်ကျေးရွာအုပ်စုဟု မေးမြန်းခဲ့သော်လည်း အမှန်တကယ် ဖြေကြားလာ သည်မှာ ဇီတန်း ဖြစ်နေပါကြောင်း၊ ဇီးထန်နှင့် ခေါ်ဘူဒဲတို့၏ မိုင်အကွာအဝေးမြေပြင်မှာ အမှန် တကယ်မဟုတ်ပါဘဲ ထလားလော်ကျေးရွာနှင့် ခေါ်ဘူဒဲကျေးရွာက မိုင်က ၂၂ မိုင်ပဲ ဖြေပေးထား တာ ဖြစ်ပါကြောင်း၊ အမှန်တကယ် ထလားလော်ကျေးရွာနှင့် ခေါ်ဘူဒဲကျေးရွာ၏ မိုင်အကွာအဝေး က ရှစ်မိုင် ရှိပါကြောင်း၊ အမှန်မှာ ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုများ နောက်ကျနေသည့် ဒေသများတွင် နေထိုင်သည့်ဒေသခံမိဘပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူ ရရှိရန်အတွက် တာဝန်ရှိဝန်ထမ်းများမှ နယ်မြေအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး သေချာမှ အထက်ကို တင်ပြရမည်ဖြစ်ပါသော်လည်း ယခုဖြစ်ပေါ်နေသည့်အခြေအနေများအရ လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများကို အကြောင်းပြကာ ကျေးရွာအမည်၊ အုပ်စုအမည်၊ ခရီးအကွာအဝေး မိုင်ကို လွဲမှားစွာတင်ပြနေသည့်အပြင် ကျေးရွာတိုင်းတွင် အဆောက်အအုံ ဆောက်လုပ်ရန် မြေနေရာမရှိဟူ၍ တင်ပြနေခြင်းသည် ဒေသခံပြည်သူလူထုများ တွေ့ကြုံခံစားနေရသည့် ကျန်းမာရေးပြဿနာများကို ပြေလည်နိုင်မည်မဟုတ်ပါကြောင်း၊ နယ်မြေအခြေအနေ၊ နေထိုင်သည့် လူဦးရေ၊ ခရီးအကွာအဝေးမိုင်နှင့် ဒေသလိုအပ်ချက်များကို သေချာစွာလေ့လာမှသာ မြေပြင် အခြေအနေအမှန်များကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် မေးမြန်းခဲ့သည့်မေးခွန်းအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကျေးရွာ အမည်၊ အုပ်စုအမည်နှင့် ခရီးအကွာအဝေးနှင့် အဆောက်အဦ ဆောက်လုပ်ရန်အတွက် မြေနေရာမရှိ ဟု ဖြေကြားလာမှုနှင့် ဝေးလံခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် မိမိတို့မြို့နယ်အတွင်းရှိ ဒေသခံမိဘပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ အလွယ်တကူရရှိနိုင်ရန်အတွက် ထလားလော်ကျေးရွာ၊ ဇီးထန်ကျေးရွာ၊ အဘွန်ထန်ကျေးရွာ၊ ရှီးလန်ဒမ်းကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာနခွဲများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။