(င)-ရပ်ကွက်/ကျေးရွာအုပ်စုနေ ပြည်သူလူထုများက အုပ်ချုပ်ရေးမှူးကို တိုက်ရိုက် ရွေးချယ် နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2021-01-05

(င)-ရပ်ကွက်/ကျေးရွာအုပ်စုနေ ပြည်သူလူထုများက အုပ်ချုပ်ရေးမှူးကို တိုက်ရိုက် ရွေးချယ် နိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဥပဒေ ပုဒ်မ ၆ အရ ရပ်မိရပ်ဖငါးဦးကို ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်းခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(က)အရ ကြီးကြပ်ရေးအဖွဲ့က ရပ်ကွက်/ကျေးရွာ အတွင်းရှိ ဆယ်အိမ်အစုအဖွဲ့၊ ရာအိမ်အစု အဖွဲ့များကိုဖွဲ့စည်းခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(ခ)အရ ဆယ်အိမ်စု အတွင်းနေထိုင်သူများက ပုဒ်မ ၅ ပါ အရည်အချင်းများနှင့်ပြည့်စုံသူကို ဆယ်အိမ်မှူးအဖြစ် ရွေးချယ်ခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(ဂ)အရ ရာအိမ်စု အတွင်းမှာ ရာအိမ်မှူးရွေးချယ်ခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(င) ပုဒ်မခွဲငယ် (၁)အရ ရွေးချယ်ခံရသည့် ရာအိမ်မှူးတစ်ဦးထက်ပိုပါက ယင်းပုဂ္ဂိုလ်များအား အုပ်ချုပ်ရေးမှူးလောင်းအဖြစ် အမည်စာရင်းပြုစုခြင်း၊ ပုဒ်မ ၇ ပုဒ်မခွဲ(စ)အရ အုပ်ချုပ်ရေးမှူးလောင်းများ ထဲမှ အုပ်ချုပ်ရေးမှူးတစ်ဦးကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အိမ်ထောင်စုကိုယ်စားလှယ်များက လျှို့ဝှက်မဲပေးခြင်း ဟူ၍ လုပ်ငန်းစဉ်အဆင့်အဆင့်ပြဋ္ဌာန်းထားရှိပါကြောင်း၊

လက်ရှိတည်ဆဲဥပဒေအရ အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးတို့ကို အခြေခံပြီးစတင်ရွေးချယ်ခဲ့သည့်အတွက် ကိုယ့်လူပါရေး၊ သူ့လူမပါရေးတို့ကို ဦးတည်ပြီး အကွက်ချ ဆောင်ရွက်မှုများရှိနေပါကြောင်း၊ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စဉ်ကတည်းက အုပ်စုအလိုက် ပြိုင်ဆိုင်မှုများရှိသည့်အတွက် အငြင်းပွားမှုများ၊ ခိုက်ရန်ဖြစ်မှုများ စသည့်ပြဿနာများ ဖြစ်ပေါ်ခဲ့သည့်အပြင် ဆယ်အိမ် အစုအဖွဲ့နှင့် ရာအိမ်အစုအဖွဲ့ ဖွဲ့စည်းရာတွင်လည်းပညာပြမှု၊ မရိုးဖြောင့်မှုများရှိခဲ့ပါကြောင်း၊ ယင်းသို့ နည်းအမျိုးမျိုးသောမသမာမှုများရှိနေခြင်းကြောင့် အရည်အချင်းရှိသည့် အုပ်ချုပ်ရေးမှူး ဖြစ်ထိုက်သူများ ဘေးဖယ်ဖြုတ်ချထားခြင်းခံခဲ့ရပါကြောင်း၊ ကိုယ်ဖြစ်လိုသည့် အုပ်ချုပ်ရေးမှူးဖြစ် မလာသည့်အချိန်တွင်လည်း အချို့သောဆယ်အိမ်မှူး၊ ရာအိမ်မှူးများကိုဆက်သွယ်၍မရဖြစ်ပြီး အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသည်ကို တွေ့မြင်ရပါကြောင်း၊တတိယအကြိမ် ပြင်ဆင်သည့်ဥပဒေပုဒ်မ ၃၄ ပုဒ်မခွဲ(က)နှင့်(ခ)အရ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများသည် အုပ်ချုပ်ရေးမှူးအား လုံခြုံရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာကိစ္စများအတွက် အကြံပေးခြင်း၊ အထောက် အကူပြုခြင်း တို့ကိုဆောင်ရွက်ရန် တာဝန်ရှိသည်ဆိုသည့် ပြဋ္ဌာန်းချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည် ရွေးချယ်ခဲ့ရာတွင်လည်း မရိုးဖြောင့်မှုများကြောင့် ခြောက်လကျော်ကြာသည်အထိ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွ မအောင်မြင်ဖြစ်ခဲ့ရပါကြောင်း၊

နိဂုံးချုပ်အနေဖြင့် ရပ်ကွက်/ကျေးရွာအကျိုး သယ်ပိုးဆောင်ရွက်ရာတွင် ပြည်သူကို မျက်နှာမူပြီး ဂုဏ်သိက္ခာနှင့်အရည်အချင်းပြည့်စုံသော အုပ်ချုပ်ရေးမှူးကောင်းပေါ်ထွက်လာရေးအတွက်လည်းကောင်း၊မလိုလားအပ်သောပဋိပက္ခများလျော့နည်းပပျောက်စေရန်အတွက်လည်းကောင်း၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးယန္တရားကို အုပ်ချုပ်ရေးမှူးနှင့်အတူ စေတနာထားအထောက်အကူပြု ဆောင်ရွက်ပေးမည့် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများပေါ်ထွက်လာစေရေးအတွက် လည်းကောင်း အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူးများကို အခြေခံထားရွေးချယ်ခြင်းကြောင့် အထက်တင်ပြပါ မရိုးဖြောင့်မှုများ၊ မသမာမှုများမဖြစ်ပေါ်စေရန် အတွက်လည်းကောင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ရန်လိုအပ်နေပါကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေပုဒ်မ ၅ နှင့်ညီညွတ်သောသူကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအဖြစ် ဒီမိုကရေစီစံချိန်စံညွှန်းနှင့်အညီ လွတ်လပ်စွာလျှို့ ဝှက်မဲပေးရွေးချယ်ခြင်းလုပ်ငန်းစဉ်အား ရှေ့တန်းတင်ဆောင်ရွက်ပေးနိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ စတုတ္ထအကြိမ်ပြင်ဆင်သည့်အခါ ထည့်သွင်း စဉ်းစားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။